ပန်းခွေလား၊  ပန်းတိုင်လား

၈ ဇူလိုင်

 

(၇၂)နှစ်မြောက် အာဇာနည်နေ့ ရောက်ပါတော့မယ်။ အာဇာနည်နေ့ရောက်တိုင်း      ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကြီးများကို တစ်နိုင်ငံလုံးအောက်မေ့သတိရ ကြပါတယ်။  တိုင်းတစ်ပါးသားတွေရဲ့  လက်အောက်ခံ၊ အဖိနှိပ်ခံ၊  အနိုင်ကျင့်ခံနေရတဲ့ ကိုလိုနီကျွန်ဘဝမှာ နှစ်ပေါင်း    ၁၂၄        နှစ်ခန့်နေရတဲ့ ဘဝဆိုးကြီးကနေ လွတ်မြောက်အောင် သက်စွန့်ကြိုးစားခဲ့ကြတဲ့ ကျေးဇူးရှင်အာဇာနည်ကြီးများနဲ့တကွ မျိုးချစ်ပုဂ္ဂိုလ်ကြီးများကိုလုံးဝမမေ့သင့်ပါဘူး။ ဒါကြောင့်   အာဇာနည်နေ့ကိုအနှစ်သာရရှိရှိ ကျင်းပကြပြီး မျိုးဆက်သစ်ကလေးများရဲ့ရင်ထဲမှာ  စွဲမြဲကိန်းအောင်းနေစေဖို့  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အာဇာနည်ကြီးများနဲ့ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့  အချက်တချို့ကိုဖော်ပြလိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုအရည်အသွေးတွေမှာ      ရိုးသားမှုဆိုတဲ့အချက်ဟာ  ထင်ထင်ရှားရှားတွေ့ရပါတယ်။ ရိုးသားမှုဆိုရာမှာ Honesty ခေါ်တဲ့ မဟုတ်တာ၊ မမှန်တာဟူသမျှ ဘာမျှမလုပ်တာ၊ လာဘ်လာဘကိုမမျှော်ကိုးတာ၊ သီလလုံခြုံတာ၊ Sincerity ခေါ်တဲ့ ရိုးရိုးရှင်းရှင်းတွေးတောတတ်တာ၊  လုပ်တတ်တာ၊  ပြောဆိုဆက်ဆံတတ်တာတွေ၊ Simple ဆိုတဲ့ ရိုးရိုးသားသားဝတ်ဆင်တတ်တာ၊ နေရာတကာမှာ ပကာသနမဖက်ဘဲ နေတတ်တာ စတဲ့ ရိုးသားမှုဆိုင်ရာ ဖွင့်ဆိုချက်များနဲ့ ပြည့်စုံနေတာ တွေ့ရပါတယ်။

 

ဗိုလ်တာရာရေးတဲ့ “ဗိုလ်ချုပ်ဒေါသထွက်သောနေ့”ဆောင်းပါးမှာပါတာလေးကို နှစ်သက်မိပါတယ်။ စစ်သားတွေအတွက် စစ်ဝတ်စုံတွေပေးတော့ တချို့ရဲဘော်တွေက ဝတ်စုံတွေဟာ ကြမ်းကြောင်း၊ မကြိုက်ကြောင်း တီးတိုးပြောနေကြတာ ဗိုလ်ချုပ်အောင်ဆန်းကြားသွားပါတယ်။

 

ဒီအခါမှာ ဗိုလ်ချုပ်က ဒေါသတကြီး တုံ့ပြန်ပါတော့တယ်။

 

“ဘာကွ၊ စစ်ဝတ်စုံတွေညံ့တယ်၊ ကြမ်းတယ်၊ လက်တောင်မသုတ်ချင်ဘူး၊ ဟုတ်လား။  တိုင်းပြည်နဲ့လူထုအတွက်ဆိုရင် ဝတ်စုံမရှိလို့ ခါးတောင်းကျိုက်တိုက်ရရော ဘာဖြစ်သလဲကွ၊ ကိုယ်တုံးလုံးချွတ်တိုက်ရရော ဘာဖြစ်လဲကွ။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုသား သမီးတွေဆိုတာ ကြည့်လိုက်စမ်း။ တို့ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာဆွဲ အနိုင်ကျင့်ခံနေရတဲ့ဘဝမှာ မင်းတို့ကောင်တွေက ဇိမ်ခံနေချင်တယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေထက် အခွင့်အရေးပိုယူချင်တယ်။ လူထုက ဝတ်စရာ မရှိတဲ့ဘဝမှာ အလိုက်ကန်းဆိုးမသိတဲ့  မင်းတို့လိုကောင်တွေက  အဝတ်အကောင်းတွေဝတ်ချင်တယ်။ လူထုငတ်ရင် ငါတို့အားလုံး ငတ်ရမယ်။  လူထုဆင်းရဲရင် တို့ရဲဘော်တွေအားလုံး ဆင်းရဲရမယ်။ ငါလည်း ဆင်းရဲခံမယ်”လို့ ပြောသွားတာ မှတ်ရပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ကြီးပြီးတော့  ဗြိတိသျှ ဘုရင့်ကောင်စီမှာ  ဒုတိယအကြီးဆုံးရာထူးနဲ့ ဝန်ကြီးအဖွဲ့ကို  ဦးဆောင်ရပါတယ်။  လွတ်လပ်ရေးရခါနီးအချိန်မှာ တိုင်းပြည်ကို ဦးဆောင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ဟာ စစ်သားမဟုတ်တော့ပါဘူး။ စစ်ဝတ်စုံတွေကိုချွတ်ပြီး အရပ်ဝတ်ကိုပဲ ဝတ်ဆင်ပါတော့တယ်။  စစ်သားမဟုတ်တော့တာနဲ့ အရပ်သားစိတ်ကိုချက်ချင်းပြောင်းယူပါတယ်။     အတွေးအကြံကအစ  တိုင်းပြည်နဲ့လူမျိုးအတွက်ကိုသာ အရပ်သားအတွေး၊ ပညာတတ်အတွေးနဲ့ ပြည်သူနဲ့တစ်သားတည်းဖြစ်အောင်နေပါတယ်။ နောက်ဆုံး မသမာသူတို့ လုပ်ကြံကြရာမှာတောင် ပုဆိုး၊ တိုက်ပုံနဲ့ဖြစ်ပါတယ်။  အရပ်သားဝတ်စုံနဲ့ကျဆုံးခဲ့တာဖြစ်ပါတယ်။  ဗိုလ်ချုပ်ဟာ အဝတ်နဲ့လူကပ်အောင် နေတတ်သူဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

 

အမှတ်အသားနှင့်တူသောအဝတ်


ကျွန်တော်တို့လည်း ဘဝကိုဖြတ်သန်းကြရာမှာ အဝတ်အမျိုးမျိုးဝတ်ကြရပါတယ်။ အရပ်သားဘဝ၊ ကျောင်းသားဘဝ၊ ဝန်ထမ်းဘဝ၊ အငြိမ်းစားဘဝ၊ လူမှုရေး ဆောင်ရွက်သူဘဝ၊  ဘာသာရေးဆောင်ရွက်သူဘဝ စသည်ဖြင့် မိမိရဲ့အခြေအနေအပေါ်လိုက်ပြီး ဝတ်ကြရပါတယ်။ မိမိတို့ဝတ်ရတဲ့အဝတ်မှာ ပြဋ္ဌာန်းထားတဲ့ တာဝန်တွေ၊ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ ဂုဏ်သတ္တိတွေရှိနေပါတယ်။  မိမိရဲ့အဝတ်ကို မိမိလေးစားရမှာ  ဖြစ်ပါတယ်။ မိမိအဝတ်ဟာ မိမိအတွက်သာမက မိမိအဖွဲ့အစည်းရဲ့ဂုဏ်တွေ၊ အမှတ်အသားကိုပါ ဆောင်နေတာလည်း ဖြစ်ပါတယ်။ Identity  ခေါ်  အမှတ်အသားများ  ထင်ရှားစွာ တည်ရှိနေပါတယ်။ မိမိအဝတ်နဲ့လိုက်ဖက်တဲ့ ကာယကံ၊  ဝစီကံ၊ မနောကံများကို သတိနဲ့ကပ်ပြီး ဆောင်ရွက်နေထိုင်ရမှာ ဖြစ်ပါတယ်။    မိမိဝတ်ထားတဲ့အဝတ်နဲ့ လိုက်ဖက်အောင်လည်း    ပြောင်းလဲနေထိုင်ကြရမှာ    ဖြစ်ပါတယ်။  မိမိတာဝန်ယူထားရတဲ့နေရာကပေးတဲ့          တာဝန်ကိုအကောင်းဆုံးဆောင်ရွက်၊  ထမ်းရွက်ရမှာ ဖြစ်ပါတယ်။ အဝတ်ပြောင်းလိုက်တာနဲ့ Mindset တွေ၊ ခံယူချက်တွေ၊ အတွေးအကြံမှန်သမျှတွေ  ပြောင်းပစ်ရပါမယ်။  မိမိလုပ်ရ မယ့်အလုပ်ရဲ့ Vision၊ missionခေါ်တဲ့ ရည်မှန်းချက်တွေ၊ လမ်းကြောင်းတွေ မှန်ကန်အောင် အစွမ်းကုန်ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် အများအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်  ဆောင်ရွက်နေသူများအနေနဲ့   အများအတွက်၊ နိုင်ငံသားတွေရဲ့မျက်နှာအတွက်ကိုသာ အထူးသဖြင့် မျှော်ကြည့်သင့်ပါတယ်။

 

ပြီးတော့ မင်းသားကြီး စိန်အောင်မင်းဇာတ်ပွဲကိုသွားစဉ် မင်းသားကြီးက ဗိုလ်ချုပ်ကို  စင်ပေါ်မှာ လက်ဆွဲနှုတ်ဆက်ပါတယ်။ ဗိုလ်ချုပ်က ပြန်ပြီး လက်ဆွဲမနှုတ်ဆက်ဘူးတဲ့။ ရိုင်းတယ်လို့ထင်စရာရှိတယ်။ ပွဲခင်းထဲရောက်တဲ့အခါကျမှ “ခင်ဗျားက မင်းသားဝတ်စုံ၊ ဗမာဝတ်စုံနဲ့ ကျုပ်က အနောက်တိုင်းဝတ်စုံနဲ့မို့ မသင့်တော်ဘူးထင်တာနဲ့ လက်ဆွဲမနှုတ်ဆက်တာပါ”လို့ ပြောပါတယ်။ ဗိုလ်ချုပ်ရဲ့ ဝတ်စုံအပေါ်    လေးစားပုံလေးပါ။ ဗိုလ်ချုပ်ရဲ့ ရိုးသားတဲ့စိတ်၊ ခံယူချက်တွေကို တွေ့နိုင်တာဖြစ်ပါတယ်။ တိုင်းပြည်အတွက်ဆောင်ရွက်ကြရာမှာ အခုလို ရိုးသားစွာဆောင်ရွက်နိုင်မှုကို နိုင်ငံသားတိုင်း လေးစားအတုယူသင့်ပါတယ်။

 

တင်မိုး ဆရာကောင်းကို ရှာဖွေခြင်း


ဆရာတင်မိုးရဲ့ ပြောင်မြောက်လှတဲ့လက်ရာကိုလည်း  ဖော်ပြလိုပါတယ်။ “သူသာရှိလျှင်”   ဆိုတဲ့ကဗျာထဲကအတိုင်း   ပြည်သူတွေက    ဗိုလ်ချုပ်အပေါ် ယုံကြည်ကြပုံ၊  လေးစားကြပုံ၊  မျှော်ကိုးကြပုံတွေကို ဖွဲ့ဆိုထားတာဖြစ်ပါတယ်။ တကယ်လည်း ယုံကြည်ထိုက်တဲ့ခေါင်းဆောင်ကြီး ပန်းတိုင်ရောက်ခါနီးမှ မသမာသူတွေကြောင့် ကျဆုံးရတာ အလွန်ကြေကွဲဝမ်းနည်းကြရပါတယ်။

 

သူသာရှိလျှင်...
သူသာရှိလျှင်...
သူ၏နိုင်ငံ၊ ကြမ္မာကံကို
စီမံလိမ့်မည်၊ ဖန်တီးမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏။
သူသာရှိလျှင်...
သူ၏ပြည်ဖွား၊ ဆင်းရဲသားတို့
ဝတ်စားနေမှု၊ ကျန်းမာမှုနှင့်
သိမှုတတ်မှု၊ ယဉ်ကျေးမှုကို
ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏။
သူသာရှိလျှင်...
သူ၏ဉာဏ်စွမ်း၊ ကိုယ်အစွမ်းသည်
သူ့ဝမ်းသူ့ခါး၊ သူ့မယားနှင့်
သူ့အတွက်ပေ၊ မဟုတ်လေဘဲ
သူနေထိုင်သည်၊ သူ့တိုင်းပြည်တွက်
သူ့ပြည်နေရာ၊ သူ့ကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင်သန်လျက်
အားမာန်ထုတ်မည်၊ ဦးဆောင်မည်ဟု 
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏။
သူသာရှိလျှင်...
သူ၏ပြည်အား၊ ကျူးစော်ကားက
အသားအသွေး၊ သက်စတေးလျက် 
ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု 
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏။
သူသာရှိလျှင်...
သူ၏ပြည်တွင်း၊ တစ်သွေးချင်း
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့
လက်တွဲလက်ချိတ်၊ ညီနောင်စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
အရုဏ်တက်တွင်၊ တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး၊ တစ်ပြည်လုံးက
ယူကျုံးမရဖြစ်ခဲ့ရလည်း
သူက ရှေ့ဆောင်၊ မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍
သူ၏ကိုယ်စား၊ သူ့စိတ်ထားက
ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု 
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏။


(တင်မိုး ဆရာကောင်းကို ရှာဖွေခြင်း)

 

“သူသာရှိလျှင်...
သူ၏ပြည်တွင်း၊ တစ်သွေးချင်း
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့
လက်တွဲလက်ချိတ်၊ ညီနောင်စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု  ပြည်သူတိုင်းက  ယုံကြည်ကြ၏” ဆိုထားသလိုပဲအ ခုလိုနိုင်ငံသားချင်း၊ သွေးချင်း အချင်းချင်း စစ်ခင်းနေ ကြတာကိုလည်း  ဖြေရှင်းနိုင်လိမ့်မယ်၊  စစ်ပွဲတွေတိတ်သွားစေမယ် စသည်ဖြင့်လည်း ပြည်သူတွေက ယုံကြည်ကြတာ အမှန်ပါလေ။ သို့သော် တိုင်းပြည်လွတ်လပ်ရေးနဲ့အတူ ထက်ကြပ်မကွာလိုက်ပါလာတဲ့ မငြိမ်းချမ်းမှုဆိုတဲ့မီးကြီးကတော့ အခုထိ တောက်လောင်နေဆဲဖြစ်နေတာကို ပြည်သူတိုင်း စိတ်မချမ်းမြေ့ကြပါဘူး။ ၁၉၄၈ ခုနှစ်မတ်လ  ၂၈  ရက်နေ့မှာ  ကွန်မြူနစ်ပါတီတောခိုခဲ့ရာမှအစ မညီမညွတ်ဖြစ်ကြတဲ့ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့တာ ယနေ့ထက်တိုင်ပါ။

 


“လွတ်လပ်ရေးကြီးရရှိပြီးသည့်နောက် တိုင်းပြည်နုနုတွင် ဝါဒစွဲပြင်းထန်မှု၊ လူမျိုးရေးစိတ်ဓာတ်ပြင်းပြမှု၊ တစ်ဦးနှင့်တစ်ဦးမယုံကြည်မှု၊ အကွဲကွဲအပြားပြားဖြစ်ခဲ့မှု၊ မုန်တိုင်းတွေကြောင့် ရရှိထားသည့် လွတ်လပ်ရေးကြီး သည်ပင် ဆုံးရှုံးရခမန်းဖြစ်ခဲ့ကြသည်။ ထိုအခြေအနေတွင် ထိုအချိန်က ပျိုရွယ်သော  ထိုတပ်မတော်သည် အခက်အခဲအမျိုးမျိုးကြားမှ ရုန်းကန်ရင်း ပြည်ထောင်စုကြီး၏အလံတော်ကို မယိုင်လဲအောင် ထိုသို့ ထိန်းသိမ်းခဲ့ကြသည်။ အချိန်တွေလည်း ကြာမြင့်ခဲ့ကြပါပြီ။ ထို့ကြောင့်ဘယ်သူ့ကြောင့်  ဘယ်သူတွေ  ဘယ်လိုဖြစ်ခဲ့ရသည်၊ ဘယ်သူတွေမှားခဲ့သည်၊ ဘယ်သူတွေမှန်ခဲ့သည်၊ ဒါတွေကိုမေ့လိုက်ကြပါစို့။ ပြည်ထောင်စုကြီးပြိုကွဲအောင် ကြံဆောင်ခဲ့ကြသူများရှိခဲ့ကြသလို ကောင်းသော  ပြည်ထောင်စုသားတွေ အဆပေါင်းများစွာရှိခဲ့သည်ကို ကျွန်တော်တို့ မမေ့အပ်။”

 

ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်သည်   ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)တွင် ဒုတပ်ရင်းမှူး  ဗိုလ်မှူးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။  ဗိုလ်မှူးကြီး တင်မောင်သည် လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ဆိုးရွား လှသော   ပြည်တွင်းစစ်ကြီးတွင် လက်တွေ့ပါဝင်ခဲ့ရသော တပ်မတော်သားတစ်ဦးဖြစ်သည်။  တိုင်းတစ်ပါးသား တို့ကို    တိုက်ခိုက်ရသည်ထက်    မိမိနိုင်ငံသားချင်း၊ ညီနောင်များအချင်းချင်း တိုက်ခိုက်ရသည့်   ပြည်တွင်း စစ်မီး၏ ဆိုးရွားလှပုံကို   အဆိုပါ “တိုင်းပြည်က နုနု၊ မုန်တိုင်းက  ထန်ထန်”စာအုပ်တွင်   ဖတ်ရပါတယ်။ ကျွန်တော်ငယ်စဉ်ကတည်းက သိမ်းထားသောစာအုပ်၊ အလွန်တန်ဖိုးကြီးသည့်စာအုပ်အဖြစ် နှစ်ပေါင်း ၄၀ ခန့်မပျောက်မပျက်ရအောင်  ထိန်းသိမ်းခဲ့ရတဲ့    စာအုပ်ဖြစ်ပြီး  နောင်လာနောက်သားလူငယ်များလည်း  ဖတ်ရှုသင့်တဲ့ သမိုင်းဝင်စာအုပ်ဖြစ်ပါတယ်။

 

ပန်းခွေလား၊ ပန်းတိုင်လား


အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများကျဆုံးခဲ့ကြတာ ၇၂ နှစ်ရှိပြီဖြစ်သလို လွတ်လပ်ရေး ရတာလည်း  ၇၁  နှစ် ကြာခဲ့ပါပြီ။  သို့သော် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာညီညွတ်တဲ့  ပြည်ထောင်စုကြီးအဖြစ်ကိုတော့  မရောက်သေးတာ တွေ့နိုင်ပါတယ်။  အာဇာနည်နေ့ရဲ့သမိုင်းကို နောင်လာ နောက်သားတွေ လေ့လာသိရှိထားသင့်ပါတယ်။ အာဇာနည်နေ့ရောက်တိုင်း  ကျွန်တော်တို့တစ်တွေ လွမ်းသူ့ပန်းခွေတွေ ချနေကြပါတယ်။ အလေးပြုကြပါတယ်။ ကျွန်တော်တွေးကြည့်မိပါတယ်။ အခုနေ ဗိုလ်ချုပ်သာရှိနေမယ်ဆိုရင် “ငါလိုချင်တာ ပန်းခွေမဟုတ်ဘူး၊ ပန်းတိုင်ကွ၊ ပန်းတိုင်”လို့    ပြောမှာသေချာတယ်။ သူလိုချင်တာက စည်းလုံးညီညွတ်တဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုကြီးဖြစ်ပါတယ်။ အဲဒါဗိုလ်ချုပ်ရဲ့ပန်းတိုင်ပဲဖြစ်ပါလိမ့်မယ်။ “ပန်းခွေလား၊ ပန်းတိုင်လားပန်းခွေလား၊ ပန်းတိုင်လား” ကျွန်တော်တို့ညီညွတ်ကြပါစို့၊ လက်တွဲကြပါစို့၊ တိုင်းပြည်နဲ့ပြည်သူများရဲ့မျက်နှာကိုကြည့်ပြီး အစွမ်းကုန်ဆောင်ရွက်ကြပါစို့လားခင်ဗျာ။      

 

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)