ရန်ကုန် ၅ နိုဝင်ဘာ
ပန်းချီဆရာကြီးဦးသုခ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲကို ရန်ကုန်မြို့ စထရင်းဟိုတယ်တွင် နိုဝင်ဘာ လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လောကနတ်ပန်းချီခန်းမတွင်လည်း နိုဝင်ဘာ ၁၃ ရက် နေ့မှ ၁၈ ရက်နေ့ထိ တစ်ပြိုင်နက်တည်း ကျင်းပမည်ကြောင်း သိရသည်။
"ဒီ နိုဝင်ဘာ ၁၁ ရက်နေ့ဆိုရင် ဆရာကြီးနှစ်တစ်ရာပြည့်ပြီပေါ့နော်။ ၁၉၁၈ ခုနှစ်မှာ မွေးတာဆိုတော့လေ။ ဒါပေ မယ် ပြပွဲလုပ်ဖို့ ရွေးတဲ့အခါကျ စထရင်းဟိုတယ်က ၁၁ ရက်နေ့မရတဲ့အတွက် အနီးစပ်ဆုံး ၁၃ ရက်နေ့ကို လုပ်ရတာ။ မနှစ်က ကန်တော့ပွဲကစပြီး ပန်းချီဆရာတွေ တစ်နှစ်လောက် အချိန်ယူပြီး ကြိုတင်ပြင်ဆင်ရတာ ပေါ့" ဟု ဆရာကြီးဦးသုခဖောင်ဒေးရှင်းမှ ပန်းချီဆရာမင်းဝေအောင်က ပြောကြားသည်။
အဆိုပါ ပန်းချီပြပွဲတွင် နိုင်ငံတကာမှ ပန်းချီ ၅၃ ဦးနှင့် မြန်မာပန်းချီဆရာ ၃၂၃ ဦး စုစုပေါင်း ပန်းချီဆရာ ၃၇၆ ဦး ရေးဆွဲထားသော ပန်းချီကားများကို ပြသမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပန်းချီဆရာကြီး ဦးသုခကိုယ် တိုင်ရေးဆွဲထားသော ပန်းချီကား ၁၆ ကားကိုလည်း ထည့်သွင်းပြသမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာမှ လာရောက်မည့်ပန်းချီဆရာများတွင် အင်္ဂလန်၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ များမှ ပန်းချီဆရာများ၏ ပန်းချီလက်ရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပန်းချီဆရာကြီးဦးသုခကို ရန်ကုန်မြို့တွင် ၁၉၁၈ ခုနှစ်၌ မွေးဖွားခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ပန်းချီဆရာ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်၌ ရန်ကုန်မြို့ ပန်းချီပန်းပုကျောင်းတွင် စတင်တာဝန်ထမ်း ဆောင်ခဲ့သည်။ အဆိုပါကျောင်းမှပင် ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ရင်း ၁၉၈၁ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပထမဦးဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို New Treasure Art Gallery, Yangon တွင် ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
အေကေလင်း
ဓာတ်ပုံ - ဗလစိုး