နေပြည်တော် ဒီဇင်ဘာ ၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်း(၂)စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံအတွင်း မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပန်းခင်း စီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် သတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ မေ (၃)ရက် မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်အထိ (၁၈)လတာ ကာလအတွင်း လူဦးရေ(၃ ဒသမ ၄)သန်းကျော်ကို နိုင်ငံသား ကတ်ပြားထုတ်ပေးရန် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကာလအတွင်း နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းဆောင်ရွက်ပေးရန် အခက်အခဲရှိသည့် “ဝ” အထူးဒေသ အတွင်းရှိ မြို့နယ်များအပါအဝင် မြို့နယ်အချို့တွင်သာ လျာထားချက်ပြည့်မီရန် အနည်းငယ် ကျန်ရှိနေပြီး စုစုပေါင်းလျာထားချက်၏ (၉၅)ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လျာထားချက် ပြည့်မီရန် ကျန်ရှိသည့်မြို့နယ်များ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံး၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်အထိ အသက်(၁၈)နှစ်ပြည့် လာမည့်သူများအတွက် ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်(၁)ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်အထိ ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းပန်းခင်း(၂)စီမံချက်သည်လည်း နိုင်ငံတော်အဆင့် စီမံချက်တစ်ခုဖြစ်ပြီး ယင်းကာလအတွင်း လူဦးရေ (၁ ဒသမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ “ဝ” အထူးဒေသအတွင်း နိုင်ငံသားကတ်စိစစ် ထုတ်ပေးခြင်း လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် မိမိတို့ဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)နှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ ၆၆/၆)ပါ အချက်အလက် များအား e-ID software အတွင်း ဖြည့်သွင်းကာ ရုံးချုပ် server သို့ ပေးပို့စိစစ်၍ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုကိုင်ဆောင်မှုအတွက် ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်ကို လည်းပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားဆောင်ရွက်ရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မိဘပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ် များသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ကာ အချိန်တိုအတွင်း အပြီးဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး (working group) အဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဆိုင်ရာ(working group) သင်တန်းစီမံချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က သင်တန်းများဖွင့်လှစ်ပို့ချရေး၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်း ဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက်အဆင့်(၁)နှင့် အဆင့်(၂)ဆောင်ရွက်ပြီး စီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လူဦးရေစာရင်းမှန်ကန် ရေးအတွက် မြေပြင် ကွင်းဆင်းကောက်ယူရေး (working group) အဖွဲ့များ၏ သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မဲစာရင်းမှန်ကန်ရေး အတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)