ပဲခူး ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက် လျာထားချက်ပြည့်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးလင်းရေး လုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာ လုံခြုံမှုရှိစေရေး လုပ်ဆောင်ပေးရာတွင် သက်ဆိုင်ရာ ဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ ကျေးရွာများ၏ လုံခြုံမှုရရှိရေးအတွက် အထူးဂရုစိုက်ရန်နှင့် လုံခြုံရေးအမြင်ရှိရန်လိုအပ်ပြီး သတင်းလက်ဦးမှု အမြဲရရှိနေရန် လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၆၆)အုပ်စု စုစုပေါင်း ၁၀၆ အုပ်စုရှိရာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ အများနှင့်သက်ဆိုင်ပြီး လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပွင့်လင်းမြင်သာစွာ တင်ပြပေးရန်လိုအပ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ဒေသလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူးရေးကဏ္ဍများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ပဲခူးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေ၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ ပဲခူးခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်းရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ၁၀၆ အုပ်စုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


