နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သော ပန်းခင်းစီမံချက်ကို မိမိတို့ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၆) လတာကြာ မြင့်ပြီဖြစ်၍ အရွေ့တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံချက်ပါ အတိုင်း နေ့စဉ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား မိမိတို့မှစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နယ်မြေဒေသအလိုက် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက် စသည့်အခက်အခဲများကြားမှ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးထိုင် ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသကဲ့သို့ ကွင်းဆင်း ဆောင်ရွက်ရမည့် လုပ်ငန်းများရှိရာ လုပ်နိုင်သမျှသော လုပ်ငန်းများကို ထိုးထွင်းကြံဆကာ ရည်မှန်းချက် အရွေ့တစ်ခုသို့ရောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့်အပိုင်း၊ အခြားသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အပိုင်း၊ ပြည်သူများ သိရှိနားလည်စေရေးအတွက် မီဒီယာလုပ်ငန်းဖြင့် ဆောင်ရွက်ရမည့်အပိုင်း ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖော်ဆောင်နေခြင်းဖြစ်ရာ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့်အပိုင်းကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
အခြားဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အပိုင်းတွင်လည်း လိုအပ်ချက်များနှင့် မိမိတို့မှ ချိတ်ဆက်ပြောကြားပေးရန် ရှိပါကလည်း တင်ပြပေးကြရန်လိုကြောင်း၊ မီဒီယာပိုင်းအနေဖြင့်လည်း Online အပါအဝင် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦးချင်းအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည့် လုပ်ငန်းဖြစ်သည်ကို ဝန်ထမ်းတိုင်း သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ နယ်မြေဒေသအလိုက် ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှ ရည်မှန်းချက် အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးစီးမှု၊ ပြည်သူများ သိရှိပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍအပါအဝင် Billboard များ စိုက်ထူပြီးစီးမှု၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုအခြေအနေများ၊ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်က (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏကိုလည်းကောင်း၊ ပန်းခင်းစီမံချက်လုပ်ငန်းဆိုင်ရာ ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် ပံပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကိုလည်းကောင်း ရှင်းလင်းသုံးသပ် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယနေ့အစည်းအဝေးတွင် ကချင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၄) ခုအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များမှလည်း သတ်မှတ်ရက်အလိုက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


