လွိုင်လင် ဧပြီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် နောင်လိုင်ကျေးရွာအုပ်စုပန်ကန်ကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ ၁၀ ရက်တွင် တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်၊ စီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ ပန်ကန်ကျေးရွာ၌ အလျား ပေ ၆၀ ၊ အနံ ၃၅ပေ၊ အမြင့် ၁၂ပေ ရှိ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေနှင့် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ခုနှစ် ဩဂုတ် တတိယပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါ ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်ထံမှ သိရသည်။
မောင်ခိုင်