၁၈  ဇန်နဝါရီ

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်များကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ဆောင်ရွက် တော့မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဝန်ကြီးအဆင့် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်လပြည့်မြောက်သည့်နေ့တွင် ပြန်လည် လက်ခံရေး လုပ်ငန်းကို စတင်လိုက်ခြင်းဖြစ်သည်။

 

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်၌ ယာယီလက်ခံရေး စခန်းတစ်ခုစီတွင် တစ်ပတ်လျှင် ငါးရက် လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက် လာသူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက် လာသူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းနှင့် ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ် ပြီး ဘင်္ဂလားဒေ့ရှ်ဘက်၌ ကြားစခန်း ငါးခု အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

နှစ်နိုင်ငံဝန်ကြီးများအဆင့် လက်မှတ်ရေးထိုး သဘောတူညီခဲ့မှု များနှင့်အညီ ၂၀၁၆ ခုနှစ် အောက်တိုဘာ ရက်နှင့် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားကြသူများအား ပုံစံများ စနစ်တကျဖြည့်စွက်၍ ပြန်လည်စိစစ် လက်ခံသွားမည့် အစီအစဉ်ဖြစ်သည်။

 

 

ကနဦး စတင်ဆောင်ရွက်ရာ၌ ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် စိစစ်ပြီး မူဆလင်ဘာသာဝင် ၇၅၀ တို့၏ အချက်အလက် အပြည့်အစုံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူအား ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

 

 

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို အများပြည်သူတို့ ကောင်းစွာသိရှိကြပြီး ဖြစ်သည်။ သို့သော်လည်း ထိုအရေးကို အကြောင်းပြု၍ လူ့အခွင့်အရေးဟူသော စံနှုန်းများနှင့် နိုင်ငံတကာမှ ဖိအားအမျိုးမျိုး ပေးလာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံသို့ သိန်းနှင့်ချီကာ ရောက်ရှိသွားသူများ အရေးမှာ ရှုပ်ထွေးပွေလီလှပေသည်။ နိုင်ငံတကာ မီဒီယာများကလည်း ပြန်လည်လက်ခံရေး နှောင့်နှေးသည်ဟု စွပ်စွဲဝေဖန် ပြောဆိုကြသည်။

 

 

မည်သို့ပင်ဖြစ်စေ နှစ်လတာကာလအတွင်း မြန်မာနိုင်ငံ၏ ဥပဒေနှင့်အညီ နှစ်နိုင်ငံ သဘောတူညီ ဆုံးဖြတ်ဆောင်ရွက်မည့် အစီအစဉ်များမှာ လျော်ကန်သင့်မြတ် ကောင်းမွန်ပေသည်။ ပြန်လည်လက်ခံရေး အဓိကစံနှုန်းများမှာ ယမန်နှစ် နိုဝင်ဘာ ၂၃ ရက်က နှစ်နိုင်ငံ အတိအလင်း လက်မှတ်ရေးထိုးထားသည့် မူဘောင်များနှင့်အညီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ရမည်ဖြစ်သည်။ ပထမတစ်မျိုးမှာ ယခင်က ထုတ်ပေးထားသည့် ဝှိုက်ကတ်၊ နောက်ပိုင်းတွင် ထုတ်ပေးထားသည့် အင်န်ဗွီကတ် တစ်မျိုးမျိုး ရှိရမည်ဖြစ်သည်။ နောက်တစ်မျိုးမှာ ပုံစံ ၁၀ ကဲ့သို့ မိသားစုစာရင်းဝင် အထောက်အထားများ ရှိရမည်ဖြစ်သည်။ နောက်တစ်မျိုးမှာ မိဘကွဲပြီး တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသည့် ကလေးများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးမှ ထောက်ခံတင်ပြပေးမှု ဖြစ်သည်။ နောက်တစ်မျိုးမှာ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားသည့် မိဘမဲ့ကလေးများသည် ၄င်းတို့၏မိဘများ ယခင်ကာလ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား ပြနိုင်ရမည်ဖြစ်သည်။ ထိုစံနှုန်းများနှင့် လက်ခံခြင်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ လျော်ကန်သင့်မြတ်မှုရှိပေသည်။

 

 

ရခိုင်ပြည်နယ်အရေးကိစ္စမှာ လွန်စွာအရေးကြီးလှသဖြင့် ထိုသို့ ပြန်လည်စိစစ် လက်ခံခြင်းနှင့်အတူ ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတကာအဖွဲ့ အစည်းများ ရခိုင်ပြည်နယ် အရေးအပေါ် အထင်အမြင်လွဲမှားမှု မရှိစေရေး၊ ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး၊ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် အကူအညီပေးရေးနှင့် ကျေးရွာများတွင် နေအိမ်များ စနစ်တကျ တည်ဆောက်ပေးရေး စသည်တို့ကို ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံကာ ဆောင်ရွက်ပေးနေပြီဖြစ်သည်။

 

 

သို့ဖြစ်ရာ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ စိစစ်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်အောင် ဝိုင်းဝန်းပါဝင် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

 

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)