ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ဆိုလာစွမ်းအင်အကြောင်း သိကောင်းစရာ

 

 

မျိုးမြတ်မိုး (MANA)

 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အများဆုံး အရင်းအမြစ်ဖြစ်လာပြီး   ကျောက်မီးသွေးအသုံးပြု ထုတ်လုပ်မှုထက် ကျော်တက်သွားမည်ဟု ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ အစီရင်ခံစာ ၌ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို    အသုံးပြု၍    လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂ဝ၂၂-၂၀၂၇ ခုနှစ်အတွင်း  ဂီဂါဝပ် (GW) ၂၄၀၀ တိုးလာမည်ဖြစ်ရာ ယင်းပမာဏသည် လွန်ခဲ့သည့်နှစ် ၂ဝ အတွင်း နေရောင်ခြည်၊ လေနှင့် အခြားသော   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်း အမြစ်များမှ   ထုတ်လုပ်သုံးစွဲခဲ့သော   စုစုပေါင်း လျှပ်စစ်ဓာတ်အားနှင့်ညီမျှကြောင်း ယင်းအစီရင် ခံစာ၌    ဆက်လက်ဖော်ပြထားသည်။    ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော ရေစွမ်းအင်၊ နေရောင် ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် ဘူမိ စွမ်းအင်တို့ဖြစ်သည်။ ရုပ်ကြွင်းလောင်စာဖြစ်သော ကျောက်မီးသွေးသည်   ကမ္ဘာပေါ်တွင်   လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်သည့်      အပေါများဆုံး အရင်းအမြစ်ဖြစ်ပြီး  လက်ရှိတွင်  ကမ္ဘာ့လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၏ ၃၆ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိသည်။

 

ကမ္ဘာကြီးပူနွေးလာမှုနှင့်  လေထုညစ်ညမ်းမှု

 

ကျောက်မီးသွေးမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့်  လေထုညစ်ညမ်းမှုတို့ကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ပညာရှင် အများစုက လက်ခံထားကြသည်။ ကျောက်မီးသွေးစွမ်းအင်၏ အကျိုးအပြစ်များအပေါ် ကမ္ဘာတစ်ဝန်းအငြင်းအခုံများ ရှိနေဆဲဖြစ်သည်။ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်များသည်  သဘာဝအတိုင်း  တည်ရှိနေသော နေ၊ ရေ၊ လေတို့၏စွမ်းအားဖြင့် ထုတ်ယူရရှိနိုင်ပြီး  သဘာဝပတ်ဝန်းကျင်ကိုလည်း  မထိခိုက်သဖြင့် မျက်မှောက်ကာလတွင် လူအများကို စိတ်ဝင်စားစေသော စွမ်းအင်ဖြစ်သည်။ ၎င်းစွမ်းအင်သည်  စီးပွားရေးအရ   အကျိုးအမြတ်ကို  ကနဦး ရင်းနှီးမြှုပ်နှံမှုထက် သုံးဆမှ ရှစ်ဆအထိ ပို၍မြင့်မားစေသည်။ ရေရှည်စွမ်းအင် ဖွံ့ဖြိုးမှုအတွက် အကျိုးအမြတ်များစွာရရှိနိုင်သည်။ လက်ရှိဖြစ်ပေါ်နေသော ရုပ်ကြွင်းလောင်စာ ဈေးနှုန်းများ မတည်ငြိမ်မှု၊ ဈေးနှုန်းမြင့်တက်မှုသည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအသုံးပြုရန်  အရှိန်မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခု  ဖြစ်သည်။ နိုင်ငံအချို့တွင် စစ်ပွဲများဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော လောင်စာနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်း များ ကြီးမြင့်နေခြင်းသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကိုလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို ပိုမိုတိုးပွားစေရန် တွန်းအားဖြစ်သည်။

 

၂၀၂၁  ခုနှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ် လေနှင့် နေရောင်ခြည်စွမ်းအင်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား၏ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ် သုံးစွဲနိုင်ခဲ့သည်။  နိုင်ငံပေါင်း  ၅၀  သည်  လေနှင့် နေရောင်ခြည်အရင်းအမြစ်များမှ ၎င်းတို့၏ စွမ်းအင် ၁ဝ ပုံ တစ်ပုံကျော်ကို ရယူသုံးစွဲခဲ့ကြောင်း သိရ သည်။ ယခုထုတ်ပြန်လိုက်သည့် IEA ၏ အစီရင်ခံစာကလည်း   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် လာမည့်ငါးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အားတိုးချဲ့ထုတ်လုပ်မှု၏   ၉၀   ရာခိုင်နှုန်း ကျော်ရှိလာမည်ဖြစ်သည်ဟု ဆိုသည်။

 

 လူသားများသည် နေရောင်ခြည်စွမ်းအင်ကို ကမ္ဘာဦးအစကတည်းကပင် အသုံးပြုခဲ့ကြသည်။ ချမ်းအေးသည့် နံနက်ခင်းများတွင် နေပူစာလှုံခဲ့ကြ သကဲ့သို့  ဆောင်းရာသီများတွင်  ရေကို  နေပူတွင် ထား၍ ပူနွေးသည့်ရေဖြင့် ရေချိုးခဲ့ကြသည်။ အဝတ်စိုများကို ခြောက်သွေ့သွားအောင် နေပူတွင် လှန်းခဲ့ကြသည်။ နေရောင်ခြည်ကို စုပ်ယူထားသဖြင့် ပူနေသည့် သဲသောင်ပြင်များတွင်လည်း လှန်းခဲ့ကြသည်။  သား၊  ငါးများနှင့်  ကောက်ပဲသီးနှံများကို ကြာရှည်အထားခံအောင် နေလှန်းခဲ့ကြသည်။

 

ကြေးနီသုတ်ထားသည့် မှန်အချပ်ပေါင်း ၇ဝ

 

ဘီစီ ၇ ရာစုနှစ်၌ စာကြည့်ရာတွင် အသုံးပြု သည့်   လက်ကိုင်မှန်ဘီလူး   (Magnifying glass Covexlens-မှန်ဘီလူးခုံး) ပေါ်လာသည်။ မှန်ဘီလူး ခုံးပေါ်သို့ကျရောက်သော ပြိုင်လင်းတန်းများ (parallel rays) သည် ဆုံချက် (Focus) တွင် စုဆုံသည့်အချက်ကို အသုံးချပြီး ထိုလက်ကိုင်မှန်ဘီလူး များကို မီးမွှေးရာတွင် အသုံးပြုခဲ့ကြသည်။ နေရောင်ခြည်ကို  ပို၍အားကောင်းအောင်ပြုလုပ် နိုင်ခဲ့သည့် ပထမဦးဆုံး လုပ်ဆောင်မှုဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။ ဘီစီ ၃ ရာစုနှစ်တွင် ရောမနှင့် ဂရိများက ဘာသာရေး ပွဲတော်များ၌   မီးပူဇော်သည့်အခါ လက်ကိုင်မှန်ဘီလူးဖြင့်  မီးထွန်းညှိခဲ့ကြသည်။  ထို့ကြောင့် ယင်းမှန်ဘီလူးများကို Burning Mirrors ဟူ၍လည်း ခေါ်ခဲ့ကြသည်။  ဂရိသင်္ချာပညာရှင်  အာခီမီးဒီးစ် (Archimedes, 287 BC - 212 BC) က ရန်သူရောမ များ၏ သစ်သားသင်္ဘောများကို မှန်များမှ ပြန်ထွက်သောပြန်လင်းတန်းများ   (reflected rays)  ဖြင့် မီးလောင်စေခဲ့ကြောင်း၊ ၎င်းက ဧရာမမှန်ဝိုင်းကြီး တစ်ချပ်၏ ပတ်လည်တွင် မှန်အသေးများကို တပ်ဆင်ထားကာ   ကျရောက်သောနေရောင်ခြည်များမှ ပြန်ထွက်သောပြန်လင်းတန်းများကို သင်္ဘောပေါ်သို့ စုဆုံကျရောက်စေခြင်းဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊  ထိုဖြစ်ရပ်အတွက်  ခိုင်မာသော သမိုင်းအထောက်အထားများ မတွေ့ရှိရကြောင်း သိရ သည်။ အဆိုပါဖြစ်ရပ်သည် ဖြစ်နိုင်/ မဖြစ်နိုင် သိလိုစိတ်ပြင်းပြကာ စူးစမ်းလိုသော ဂရိပညာရှင် များက ၁၉၇၃ ခုနှစ်တွင် ကြေးနီသုတ်ထားသည့် မှန်အချပ်ပေါင်း ၇ဝ ဖြင့် ပေ ၂ဝဝ အကွာ၌ရှိသော အထပ်သားဖြင့် တည်ဆောက်ထားသည့် သင်္ဘော တစ်စင်းကို လက်တွေ့စမ်းသပ်ကြည့်ခဲ့ရာ စက္ကန့် အနည်းငယ်အတွင်းမှာပင် ထိုသင်္ဘော မီးလောင် သွားသည်ကို တွေ့ရှိခဲ့ကြသည်။

ယခုခေတ်တွင် နေရောင်ခြည်ဖြင့် ထမင်းဟင်း ချက်ပြုတ်နိုင်သောမီးဖို-Solar Cooker (နေရောင် ခြည်စွမ်းအင်သုံးမီးဖို)ကို တီထွင်လာကြသည်။ တရုတ်နိုင်ငံက ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က တီထွင် လိုက်သော Butterfly Solar Cooker ကို လူသိ များကြသည်။ အခွက်ပုံသဏ္ဌာန်ရှိသည့် သံကြွပ် ပြားနှစ်ချပ်ပေါ်တွင် အလင်းပြန်မှုအားကောင်းသော aluminium foil များကို တပ်ထားသည်။ သံကြွပ် ပြားနှစ်ချပ်ကို ပါရာဘိုလာ (parabola)ပုံဖြစ်အောင် ပြုလုပ်ထားကာ Solar Cooker ကို နေဘက်သို့ မျက်နှာမူထားပြီး ထိုနှစ်ချပ်ပေါ်မှ ပြန်ထွက်လာ သော ပြန်လင်းတန်းများကို တစ်နေရာတည်းတွင် (ပါရာဘိုလာ၏ဆုံချက်) စုဆုံစေရန် ညှိပေးခြင်း အားဖြင့် အလွန်အားပြင်းသော မီးတောက်ကို ရရှိသောကြောင့် ထမင်းဟင်းများ မြန်မြန်ကျက်သည်။ လောင်စာလုံးဝမလိုအပ်သဖြင့် ကုန်ကျစရိတ် သက်သာသည်။ ယင်းမီးဖို၏ အားနည်းချက်သည် နေရောင်ခြည်ကောင်းမွန်စွာရရှိနိုင်မည့် မြေကွက် လက်လိုအပ်ပြီး နေပူထဲတွင် ထွက်၍ ချက်ပြုတ် ခြင်းဖြစ်သည်။

 

လိပ်ခုံးပုံ မှန်လုံအိမ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်

 

၁၃ ရာစုတွင် အီတလီနိုင်ငံ၌ မှန်လုံအိမ်များ (Greenhouse) ကို စတင်အသုံးပြုခဲ့ကြသည်။ ထိုစဉ် က နောင်တွင် အပင်များ စိမ်းစိမ်းစိုစိုနှင့် ရှင်သန်ကြ သဖြင့် Greenhouse ဟု တင်စားခေါ်ဆိုခဲ့ကြသည်။ အမိုးနှင့်အကာများကို မှန်ချပ်များနှင့် မိုးကာထား သည့် အိမ်ငယ်များဖြစ်သည်။ ၁၅ ရာစုသို့ရောက်ရှိ ချိန်တွင် ကိုရီးယားနိုင်ငံ၌ အပူချိန်နှင့် စိုထိုင်းဆကို ထိန်းညှိပေးနိုင်သော မှန်လုံအိမ်များကို တီထွင်နိုင်ခဲ့ကြသည်။ အပူဓာတ်ကို ရရှိစေနိုင်သည်သာမက အပင်ရောဂါများနှင့် ပိုးမွှားများကျရောက်မှုလည်း အလွန် နည်းခြင်းကြောင့် အသုံးပြုသူများလာခဲ့သည်။ ယူကေနိုင်ငံတွင် အပူပိုင်းဒေသအပင်များ စိုက်ပျိုးရန် တည်ဆောက်ထားသည့် ၁ ဒသမ ၆ ဟက်တာ (၄ ဧကခန့်) ကျယ်ဝန်းသည့် လိပ်ခုံးပုံ မှန်လုံအိမ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်။ ဟော်လန်နိုင်ငံသည် မှန်လုံအိမ်ကို အသုံးအချဆုံး နိုင်ငံဖြစ်သည်။ မှန်လုံအိမ်ပေါင်း ၄ဝဝဝ ကျော်ရှိကာ စုစုပေါင်းဧရိယာဟက်တာ ၉၀၀၀ ခန့်ရှိပြီး လုပ်သား ပေါင်း ၁၅၀၀၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပန်းများနှင့် အပင်များရောင်းချရာမှ နှစ်စဉ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံခန့် ရရှိနေကြောင်း၊ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့နေရကြောင်း သိရသည်။

 

ရေဆင်းသစ်တောသုတေသနဌာန၌ သစ်သားအခြောက်ခံသည့် နေရောင်ခြည်စွမ်းအင်သုံး သစ်ပေါင်းဖို လေးလုံးနှင့် ကော်ဖီစေ့အခြောက်ခံသည့် နေရောင်ခြည်စွမ်းအင်သုံး ပေါင်းဖိုတစ်လုံးကို ပြည်တွင်း၌ပင်ရရှိနိုင်သော ပစ္စည်းများဖြင့် ၁၉၈၄ ခုနှစ်မှ ၁၉၈၇ ခုနှစ်အတွင်းက စမ်းသပ်ဆောက်လုပ် ခဲ့သည်။ ယင်းတို့အထဲမှ ပေါင်းဖိုနှစ်လုံးကို ထိုခေတ် က ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ပွဲတွင် နှစ်ကြိမ်တိုင် (၁၉၈၅ နှင့် ၁၉၈၇ ခုနှစ်) ပြသခဲ့ဖူးကြောင်း သိရသည်။ နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သည့် ဆိုလာဆဲလ်၏ အခြေခံသဘောတရားကို အစဦးဆုံးတွေ့ရှိခဲ့သူမှာ ပြင်သစ်ရူပဗေဒပညာရှင် ဘက်ကွာရယ် (Edmond Bacquerel, 1820 – 1891) ဖြစ်သည်။ ၁၈၃၉ ခုနှစ်က လျှပ်စစ်ဓာတ်အိုးတစ်ခုကို စမ်းသပ်နေစဉ် ထိုဓာတ်အိုးကို နေရောင်ထဲတွင်ထားပါက လျှပ်စစ် ဓာတ်ပို၍ထွက်ရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုတွေ့ ရှိချက်ကို အခြေခံကာ နှောင်းပညာရှင်များက အဆင့်ဆင့်စမ်းသပ်ခဲ့ကြရာ ၁၈၈၃ ခုနှစ်တွင် အမေရိကန်တီထွင်ပညာရှင် ဖရစ်ဇ် (Charles Firtz, 1850-1903)က ဆီလီနီယံ (Selenium, Se) ကို အသုံးပြုကာ လက်တွေ့အသုံးပြုနိုင်သော ပထမ ဦးဆုံးဆိုလာဆဲလ်ကို တီထွင်နိုင်ခဲ့သည်။ ထိုဆဲလ် သည် ယနေ့အသုံးပြုနေကြသော ဆိုလာဆဲလ်များ၏ ရှေ့ပြေးပင်ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ကျောက်သလင်းမှ ထုတ်ယူရရှိ

 

၁၉၅၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ရှိ Bells သုတေသနဓာတ်ခွဲခန်းမှ ဓာတုဗေဒပညာရှင် ဖူးစာ (Calvin Fuller, 1902-1944)၊ ရူပဗေဒပညာရှင် ပီယာစင် (Gerald Pearson, 1905-1987)နှင့် ရူပဗေဒပညာရှင် ချပင်န် (Daryl Chapin, 1906-1995) တို့သုံးဦးက ဆီလီကွန် (Silicon,Si) ဖြင့် ပြုလုပ်ထားသည့် ပို၍လက်တွေ့ အသုံးဝင်သော ဆိုလာဆဲလ်ကို တီထွင်လိုက်ကြသည်။ ယခင် ဆီလီနီယံဆဲလ်များထက် စွမ်းရည်ပိုကောင်းလာပြီး ကုန်ကျစရိတ်လည်း သိသာစွာ သက်သာလာသည်။ ယနေ့အသုံးပြုနေကြသော ဆိုလာဆဲလ်များ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ဆီလီကွန်ဆိုလာဆဲလ်များဖြစ်ကြသည်။ ဆီလီကွန် ကို ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးတွေ့ရှိနိုင်သော ကျောက်သလင်းမှ ထုတ်ယူရရှိနိုင်သည်။ ကျောက် သလင်းကို စက်ရုံသုံးသဲ/ သဲဖြူတွင် တွေ့ရှိနိုင်သည်။ ဆိုလာဆဲလ်သုံးမျိုး ရှိသည်။ Mono-crystal၊ Multi- crystal နှင့် Amorphous တို့ဖြစ်ကြသည်။ Mono- crystal က စွမ်းရည်အကောင်းဆုံးဖြစ်ကာ ဈေးနှုန်းမှာ လျှပ်စစ်ပါဝါ 1 watt ကို အမေရိကန်ဒေါ်လာ လေးဒေါ်လာမှ ခြောက်ဒေါ်လာအထိ ရှိသည်။

 

ဒုတိယနေရာတွင်ရှိသော Amorphous က 1 watt ကို နှစ်ဒေါ်လာမှ လေးဒေါ်လာအထိ ရှိသည်။

 

နေရောင်ခြည်စွမ်းအင်သစ်ပေါင်းဖိုများ

 

၁၉၆ဝ ပြည့်လွန်နှစ်များတွင် သစ်ခွဲသားကို အခြောက်ခံသော နေရောင်ခြည်စွမ်းအင်သစ်ပေါင်း ဖိုများ (Solar Lumber Dryer) ပေါ်ပေါက်လာသည်။ ပေါ်ဦးစက မှန်လုံအိမ်များနှင့် တည်ဆောက်ပုံစံ အတူတူပင်ဖြစ်သည်။ နောင်တွင် ညဘက်၌ ပေါင်းဖိုအတွင်းမှအပူများ နံရံများမှနေ၍ အပူစီးကူးခြင်းဖြင့် ဆုံးရှုံးမှုနည်းစေရန် နံရံများကို မှန်အစားသစ်သား ဖြင့်အစားထိုးခဲ့သည်။ နံရံများကိုလည်း အပူထိန်းနိုင်ရေးအတွက် နှစ်ထပ်ကာပြီး နံရံနှစ်ခုကြားတွင် အပူကာပစ္စည်းများကို ထည့်ထားသည်။ အိုးတစ်ခုတည်းသာ မှန်တပ်ထားသဖြင့် ယင်းတို့ကို Semi-Greenhouse ဟု ခေါ်သည်။ သစ်ခွဲသားများကို အခြောက်ခံနိုင်သကဲ့သို့ ကောက်ပဲသီးနှံများ၊ သား၊ ငါးများနှင့် စားသောက်ဖွယ်ရာများကိုလည်း အခြောက်ခံ၍ရသည်။ ပြင်ပတွင်နေပူလှန်းသည်ထက် အချိန်သက်သာရုံသာမက ရုတ်တရက်မိုးရွာလျှင် ရုပ်သိမ်းရန်မလိုသကဲ့သို့ နေ့စဉ်အသွင်း အထုတ်လုပ်ရန်လည်းမလိုသဖြင့် ပျက်စီးမှုနည်းပြီး လုပ်အားခသက်သာသည်။ ဖုန်ကင်းစင်ပြီး ယင်ကောင်မနားနိုင်သဖြင့် ကျန်းမာရေးနှင့်လည်း ပို၍ညီညွတ်သည်။

 

လျှပ်စစ်ဓာတ်အားပမာဏကို ရရှိစေရန် ဆိုလာဆဲလ်များကိုဆက်သွယ်ကာ စုပေါင်း တပ်ဆင်ထားသောအပြားကို ဆိုလာပြားဟု ခေါ်သည်။ စံအဖြစ်သတ်မှတ်ထားသည့် ဆိုလာပြား တစ်ခုတွင် ဆိုလာဆဲလ် ၆ဝ သို့မဟုတ် ၇၂ ခု ပါရှိသည်။ အရွယ်အစားမှာ ၃ ဒသမ ၂၅ပေ x ၅ ဒသမ ၅ ပေ သို့မဟုတ် ၃ ဒသမ ၂၅ပေ x ၆ ဒသမ ၄၂ ပေ ဖြစ်သည်။ ပထမဆိုလာပြားမှ လျှပ်စစ်ပါဝါ ၂၈၅ ဝပ်မှ ၃၁၅ ဝပ်အထိ ထွက်ရှိနိုင်ပြီး ဒုတိယဆိုလာ ပြားမှ လျှပ်စစ်ပါဝါ ၃၃၅ ဝပ်မှ ၃၇၅ ဝပ်အထိ ထွက်ရှိနိုင်သည်။ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် Cocentrated Solar Power (CSP)ဟုခေါ်ဆိုသည့် နည်းတစ်နည်း ရှိသေးသည်။ မှန်များနှင့် မှန်ဘီလူးများကို အသုံးပြုပြီး အလွန်ကျယ်ဝန်းသော ဧရိယာအတွင်းရှိ နေရောင် ခြည်များကို တစ်နေရာတည်းတွင် စုစည်းအောင် ပြုလုပ်ကာ ရေများကို ဆူပွက်စေခြင်းဖြစ်သည်။ ထိုမှထွက်ရှိလာသော ရေနွေးငွေ့ဖြင့် ဓာတ်အားပေး စက်ရုံကို မောင်းနှင်ခြင်းဖြစ်သည်။

 

နိုင်ငံအများအပြားသည် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုလွန်းသဖြင့် လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပါဝင်မှုနှုန်း စံချိန်တင်များပြားလာသည်။ ရုပ်ကြွင်း လောင်စာများသည် ကမ္ဘာကြီးပူနွေးလာမှု၏ အရင်းခံဖြစ်နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် လောင်စာမလိုအပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ရရှိစေနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော ပစ္စည်းစွန့်ထုတ်မှု အလွန်နည်းပါးခြင်း စသည့် အားသာချက်များစွာရှိနေသည်။ ယနေ့ကာလတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုနှင့် ဆိုလာစွမ်းအင်ကို ဦးစားပေးအသုံးပြုကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။