ဝက်ထီးကန် ၂၄ ဖေဖော်ဝါရီ
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးနေမျိုးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)မှ ဦးစီးအရာရှိ ဦးသိန်းဝင်းမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)မှ တိုင်းအတွင်းရေးမှူး ဦးရဲထွဋ်မှ အသင်းလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲမှူးကြီးနေမျိုးနှင့် တပ်ခွဲမှူး မူးယစ်တပ်ဖွဲ့စု(၃၇)၊ ပြည်မြို့မှ ရဲမှူးစိုးလှိုင်၊ ပြည်မြို့နယ် သတင်းတပ်ဖွဲ့မှ ရဲမှူးခင်မောင်လှ (MANA) အသင်းတိုင်းအတွင်းရေးမှူး ဦးရဲထွဋ်နှင့် အမှုဆောင်များ၊ ဝက်ထီးကန်တိုက်နယ်ဆေးရုံမှ ဒေါက်တာ တင်ဌေးဌေးအိ၊ မိခင်နှင့်ကလေး ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အမှုဆောင်များ၊ ဝက်ထီးကန် တိုက်နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် သင်တန်းသားများ စုစုပေါင်း ၁၀ဝ ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား ၃၀ ဦးဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ မေ ၁၆ ရက်နေ့အထိ ရက်(၉၀) ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ရွှေဝင်း (ပြည်)


