ပြန်လည်ဝင်ရောက်လာသူတွေဟာ ယခင်နေထိုင်သူတွေ ဟုတ်/မဟုတ် ပြန်လည်တိုက်ဆိုင် စစ်ဆေးမှာ ဖြစ်ပါတယ်

နေပြည်တော် ၃၀ ဇန်နဝါရီ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ရေးအတွက်  ယာယီလက်ခံရေးစခန်းနှင့် ကြားစခန်းတို့တွင်  ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးက “ပြန်လည်လက်ခံမယ်ဆိုရင် တစ်ဖက်နိုင်ငံက ပြန်လည် ဝင်ရောက်လာမယ့်သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ CID၊ မှုခင်းရဲ၊ သတင်းတပ်ဖွဲ့တွေနဲ့ အားလုံးစိစစ်ပြီးတော့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပြီး မှတ်တမ်းတင်ရပါတယ်။

မှတ်တမ်းတင်တဲ့ အခါမှာလည်း မှန်ကန်မှု ရှိ/မရှိနဲ့ သက်ဆိုင်ရာ အထောက်အထားတွေကိုလည်း ကျွန်တော်တို့ရုံးချုပ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်ဝင်ရောက်လာသူတွေဟာ ယခင်နေထိုင်သူတွေ ဟုတ်/မဟုတ် ပြန်လည်တိုက်ဆိုင် စစ်ဆေးမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကို အခန်း(၃)ခန်းနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ Bio metric နဲ့ ဆက်ပြီး စိစစ်မှာ ဖြစ်ပါတယ်။ ပထမဆုံး အခန်းမှာ မှတ်ပုံတင်ရေး လုပ်ငန်းလုပ်မယ်၊ ဒုတိယအခန်းမှာ Bio metric လုပ်မယ်၊ နောက်ဆုံးအခန်းမှာ National Verification လုပ်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

MDN