ပန်းနာရင်ကျပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကျပ် သမားတွေရဲ့ ၃၀ရာနှုန်းကနေ ၇၀ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီး ရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကျပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီးကသိကအောက်ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်းကုသမှုခံယူဖို့လိုအပ်စေ ပါတယ်။

 

ညဘက်မှာ ပန်းနာရင်ကျပ်ထဖောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများကတော့

(၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း

ဓာတ်မတည့်စေသောအရာဟာ အိပ်ရာပေါ်က ကြမ်းပိုးဖြစ်နိုင်သလို အခန်းထဲမှာရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး ၇နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ ခုနကလို ဓာတ်မတည့်စေတဲ့အရာတွေရှိနေရင်တော့ သင်အိပ်ပျော်ဖို့ကြိုးစားချိန်မှာပဲ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူစဉ် တရွီရွီအသံများမြည်လာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

 

(၂) ပက်လက်အိပ်စက်ပုံကြောင့် အစာအိမ်အက်ဆစ်များအထက်သို့ ဆန်တက်ခြင်း

ပက်လက်အိပ်တဲ့အခါမှာ အစာအိမ်တွင်းရှိ အက်ဆစ်တွေဟာ အစာရေမျိုကနေတစ်ဆင့်အထက်သို့ဆန်တက်ပြီးနောက် အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်မိပြီး ချောင်းဆိုးစေပါတယ်။ ဒီလို အစာအိမ်အက်ဆစ်တွေဟာ လေပြွန်တွေကို ကျုံ့စေပြီး အသက်ရှူကျပ်စေပါသေးတယ်။

 

(၃) နှာခေါင်းအနောက်ဖက်ကနေ နှာရည်ကျခြင်း

သင်လဲလျောင်းစဉ်မှာ နှာခေါင်းအတွင်းရှိနှာရည်တွေဟာ လည်ချောင်းတွေထဲ စီးဆင်းစေပြီး ချောင်းဆိုးခြင်းကို လှုံ့ဆော်ပေးပါတယ်။

 

(၄) ဆေးမသောက်မိခြင်း

သင့်အနေနှင့် အိပ်ခါနီးသောက်ရမယ့်ဆေးတွေကို ပုံမှန်မသောက်မိဘူးဆိုရင်တော့ အိပ်နေစဉ်ရင်ကျပ်စေပါလိမ့်မယ်။

 

(၅) စိတ်ဖိစီးမှု

စိတ်ဖိစီးခြင်းကြောင့်လည်း ညအိပ်ချိန် ပန်းနာရင်ကျပ်ထခြင်းကို ဖြစ်စေပါတယ်။ဒါဟာ စိတ်ဖိစီးချိန်ထွက်တတ်တဲ့ ဟော်မုန်းတွေက အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို ဖြစ်စေတတ်လို့ပါ။

 

(၆) အဆုတ်စွမ်းဆောင်ရည်

နေ့ဘက်မှာ လူတွေဟာ လှုပ်ရှားတက်ကြွနေတဲ့အတွက် အဆုတ်စွမ်းဆောင်ရည်ဟာ နေ့ဘက်မှာ ပိုမိုကောင်းမွန်ပြီး ညဘက်မှာ ကျဆင်းနေတတ်ပါတယ်။ ဒီအချက်က ပန်းနာရင်ကျပ် အမောဖောက်ခြင်းတွေဟာ ညဘက်မှာ အဖြစ်များရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။

 

ညဘက်မှာ ပန်းနာရင်ကျပ်ကြောင့် ရုတ်တရက်အမောဖောက်လေ့ရှိသူတွေအနေနှင့် ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကတော့

–Inhalerကို ကိုယ်နှင့်လက်လှမ်းမီသောနေရာတွင်သာ ထားပါ။

-ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးသောက်ချိန်ကို ညှိနှိုင်းပါ။လိုအပ်ပါက ဆေးပမာဏ တိုးသောက်ပါ။

-အိပ်ခန်းကို သန့်ရှင်းအောင်ထားပါ။ လေဝင်လေထွက်ကောင်းပါစေ။ အခန်းတွင်းသို့ အိမ်မွေးတိရစ္ဆာန်များအဝင်မခံပါနှင့်။

-ဆေးလိပ်ငွေ့၊ အမွေးတိုင်ငွေ့စသော အငွေ့များနှင့်ဝေးဝေးနေပါ။

-မပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”