နေပြည်တော် ၃၁ ဩဂုတ်
မြန်မာနိုင်ငံတွင် အနာဂတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်၊ မကုန်ဆုံးနိုင်သော သယံဇာတ အရင်းအမြစ်ဖြစ်သည့် ပညာရေးကို အကောင်းဆုံးဖြစ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲဖော်ဆောင်လျက်ရှိသည်။ အခြေခံပညာ အဆင့်တွင် အတန်းစဉ်အဆင့်အလိုက်နှင့် သင်ယူမှုပုံစံပြောင်းလဲဖော်ဆောင်နေပြီး အဆင့်မြင့်ပညာအဆင့်သို့ ဝင်ရောက်ခွင့် ပုံသဏ္ဌာန်ကိုလည်း ပြောင်းလဲဖော်ဆောင်လျက်ရှိသည်။
တစ်ချိန်သောကာလက အခြေခံပညာအဆင့်တွင် ပညာသင်ကြားနိုင်ရန်အတွက် ပညာသင်ယူရေးနှင့် ငွေကုန်ကြေးကျမှုများရှိခဲ့သောကြောင့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အဆင့်လိုက်၊ အဆင့်လိုက်တွင်ပင် သင်ကြားမှုနယ်ပယ်မှ စွန့်ခွာသွားခဲ့ရသည့် အဟောသိကံဖြစ်သွားရသော ကျောင်းသားကျောင်းသူများ အမြောက်အမြားရှိခဲ့ပေသည်။
ယခုအခါ အခြေခံပညာသင်ကြားမှုစနစ်တွင် အခမဲ့ပညာသင်ကြားရေးကို ဖော်ဆောင်လိုက်ခြင်း၊ မသင်မနေရပညာရေးစနစ်သစ်နှင့် ကျောင်း နေပျော်အောင် ဖော်ဆောင်ပေးနိုင်မှုတို့ကြောင့် အဟောသိကံဖြစ်ရသော ကျောင်းသား ကျောင်းသူများ လျော့နည်းပပျောက်သွားလေသည်။ အတန်းစဉ်အလိုက် ကျောင်းပြင်ပရောက်၊ ကျောင်းထွက်ရမှုများ လျော့နည်းသွားပြီးနောက် အခြေခံပညာအဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော တက္ကသိုလ်ဝင်တန်းပြီးဆုံးမှုအတွက် အကောင်အထည် ဖော်ပေးပြန်သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရသည်
မြန်မာနိုင်ငံပညာရေးသမိုင်းတွင် အခြေခံပညာရေး နောက်ဆုံးအဆင့်ဖြစ်သည့် တက္ကသိုလ်ဝင်တန်း (၁၀တန်း) သည် ကျောင်းသား ကျောင်းသူများဘဝကို အပြောင်းအလဲဖြစ်စေနိုင်သော အဆင့်ဖြစ်သည်။ ၁၀ တန်း အောင်မြင်ပါက အလုပ်အကိုင်အတွက်ဖြစ်စေ၊ အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးရန်အတွက်ဖြစ်စေ တစ်ဆင့်တက်လှမ်းနိုင်သည်။ ထိုအဆင့်ကို ကျော်ဖြတ်နိုင်ရန်မှာ လွယ်လွယ်ကူကူတော့ မဟုတ်ချေ။ အပြင်းအထန် ဆည်းပူးလေ့လာပြီးနောက် ရှေးရှေးက တစ်ရာ တွင်တစ်ယောက်မှ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းနှင့် ယခု အခါ ရာ ခိုင်နှုန်း ၃၀ ကျော် အောင်မြင်လာခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်း နှစ်စဉ်အောင်ချက်ကို စေ့ငုကြည့်မည်ဆိုပါက စာမေးပွဲဖြေဆိုသော ကျောင်းသားများအနက် သုံးပုံတစ်ပုံဝန်းကျင်သာ စာမေးပွဲအောင်မြင်ခဲ့ပြီး ကျရှုံးသော ကျန်သုံးပုံနှစ်ပုံဝန်းကျင်မှာ ပညာရေးဆုံးခန်းတိုင်ပြီး အဟောသိကံဖြစ်သွားရသည်မှာ အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် များစွာဆုံးရှုံးနစ်နာမှုဖြစ်သွားရသည်။ အချို့လည်း တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားပြီးနောက် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကြိုးစားရုန်းကန်လှုပ်ရှားရပ်တည်ခဲ့ကြသည်။
ထို့ကြောင့် ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်ကြသော လူငယ်များ လူမှုဘဝ မနိမ့်ကျစေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပြီး အလုပ်အကိုင် ရရှိနိုင်ရေး၊ လိုက်လျောညီထွေမှုရှိသော ကျွမ်းကျင်မှုရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်လျက် အခြေခံပညာအဆင့်ပြီးဆုံးအောင် သင်ယူခဲ့သော ကျောင်းသားအဖြစ် အသိအမှတ်ပြုလက်မှတ်ကို ယခုပညာသင်နှစ်မှစတင်၍ ထုတ်ပေးတော့မည်ဖြစ်သည်။
ထိုလက်မှတ်သည် ပညာသင်ကြားမှုအဆင့်တစ်ခုပြီးဆုံးကြောင်း လက်မှတ်သာဖြစ်ပြီး ထိုလက်မှတ် ထုတ်ပေးနိုင်ရန်အတွက် ပညာရှင်များ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်မှုပြုလုပ်ခဲ့သည်။ အစိုးရကျောင်းများသာမက ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများလည်းပါဝင်ပြီး ကျောင်းအခြေပြုအစီအစဉ်ဖြင့် ကျောင်းခေါ်ကြိမ်ပြည့်မီခြင်း၊ ပညာရည်စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက် တတ်မြောက်မှုအဆင့် သတ်မှတ်ခြင်း၊ ကျောင်းလှုပ်ရှားမှုနှင့် ကျောင်းစည်းကမ်း၊ လူမှုရေးပြစ်ချက် စသည့်စံနှုန်းများကို အဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့ဘဝအတွက် ဆယ်နှစ်ဆယ်မိုး အသိဉာဏ်တိုးအောင် တစ်နှစ်တစ်တန်း ရင်းနှီးပေးဆပ် လေ့လာသင်ကြား ဆည်းပူးအားထုတ်ခဲ့ကြသော အခြေခံပညာ ဒသမတန်းအဆင့်အထိရောက်ရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးအဟောသိကံ အချည်းနှီးအကျိုးမဲ့ဖြစ်ခြင်းမှ လုံးဝကင်းရှင်းလွတ်မြောက်ခြင်းသို့ ဆောင်ကြဉ်းပေးနိုင်ပြီဖြစ်ပါကြောင်း။ ။
ကြေးမုံ