၂၅  ဇူလိုင်

အခြေခံပညာအထက်တန်းအဆင့်သင် ကျောင်းများကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အထက်တန်းကျောင်း ၇၁၇၃ ကျောင်း ရှိသည့်အနက် ကျန်းမာရေးဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်လှစ်ခွင့်ပေးခဲ့သည့် ကျောင်းပေါင်းမှာ ၃၉၉၉ ကျောင်း ရှိသည်။ ကျောင်းတက်ရက်ကိုတစ်ပတ်ခြား စီစဉ်ထားရာ ယခုအပတ်တွင် ကျောင်းအပ်နှံထားသူ တစ်ဝက်တက်ရောက်နိုင်ပြီး နောက်အပတ်တွင် ကျန်တစ်ဝက် တက်ရောက်နိုင်တော့မည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “နိုင်ငံတိုးတက်ရေးအတွက် မိမိတို့လူငယ်တွေ ပညာလမ်းဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေမပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရအားလုံးဝိုင်းပြီး ရုန်းရမဲ့အချိန်ပါ၊ အင်အားတွေ ဖြည့်ကြပါ” ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇူလိုင်လ ၂ ရက်နေ့က ရေးသားဖော်ပြ တိုက်တွန်းအားပေးခဲ့သည်။ နိုင်ငံတိုးတက်ရေး တွင် လူငယ်လူရွယ်များ ပညာဆည်းပူးရှာဖွေနိုင်ရေးသည် အရေးကြီးသော အချက်ဖြစ်၍ ကိုဗစ်-၁၉ ကြောင့် အကန့်အသတ်၊ အခက်အခဲများရှိသည့်ကြားမှ ပညာသင်ကြား ဆည်းပူးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။

ပညာရှာရေး၌ အခက်အခဲများ ကြုံတွေ့နေရချိန်တွင် မဟာဇနက ဇာတ်တော်မှ “ဝါယမေဝေဝ ပုရိသော၊ နနိဗ္ဗ‌န္ဒေယျ ပဏ္ဍိတော” တရားအရ ပဏ္ဍိတော ပညာရှိဖြစ်လိုသော၊ ပုရိသောယောက်ျားကောင်းသည်၊ ဝါယမေထေဝ အောင့်ကာသည်းခံ ဇွဲထက်သန်လျက် ကြံဖန်ကြိုးကုတ် အားထုတ်လုပ်ကိုင်ရာသည်သာလျှင်တည်း။ နနိဗ္ဗ‌န္ဒေယျ ငြီးငွေ့တွန့်ဆုတ်အားမထုတ်ဘဲ ကုတ်၍မနေရာဟုဆိုသကဲ့သို့ပညာကိုအလိုရှိကုန်သော အမျိုးကောင်းသား တို့သည် အခက်အခဲမည်သို့ပင်ရှိသည်ဖြစ်စေ ဇွဲလုံ့လဝီရိယဖြင့် မဖြစ်မနေ၊ မရမနေ ဆည်းပူးအားထုတ် ကြိုးပမ်းရမည် ဖြစ်သည်။ ။

ကိုဗစ်-၁၉ ကာလတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြား နိုင်ရန်အတွက် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရာ၌ ကျောင်းအခြေအနေအပေါ်မူတည်၍ လိုအပ်ချက်များ ပြည့်စုံသောကျောင်း၊ မပြည့်စုံသောကျောင်း ရှိပေလိမ့်မည်။ ကျောင်းများအားလုံးဖွင့်လှစ်နိုင် ရေးတွင် ကျောင်းတွင် ပိုးသတ်ဆေးသန့်စင်မှု ပြည့်စုံစွာမဆောင်ရွက် နိုင်သေးခြင်း၊ လက်ဆေးရန်နေရာ၊ အဖုံးပါ ခြေနင်းအမှိုက်ပုံး စသည်တို့ မပြည့်စုံသေးသောကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးရာ ထိုကျောင်းများ ကိုလည်း ဆောလျင်စွာဖြည့်ဆည်းပေးပြီး ဆက်လက်ကျောင်းဖွင့် နိုင်မည်ဖြစ်သည်။

အခြေခံပညာကျောင်းများသည် နုနယ်သော စာသင်သားများစုဝေးရာ နေရာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အလျှင်းမဖြစ်ပေါ်စေရန် အခြားနေရာများနှင့်မတူ ပိုမိုစနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လေ့လာဆန်းစစ် သုတေသနပြုမှုများအရ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုအန္တရာယ်နှင့် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးနေသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် မဖြစ်မီက ကြိုတင်ကာကွယ်သည့် နည်းလမ်းဖြင့် လိုက်နာရမည့်အချက်များကို အလေးထားဆောင်ရွက်စေရန် နှိုးဆော် တိုက်တွန်းလုပ်ဆောင်နေစေခြင်းဖြစ်သည်။ ။

အဓိကအချက်မှာ လူစုလူဝေးဖြစ်နိုင်သည့်နေရာများတွင် တိတိကျကျ လိုက်နာစေလိုရင်းဖြစ်ပြီး ရောဂါ၏ သဘောသဘာဝ၊ ဖြစ်ပွားကူးစက် တတ်သည့် ပုံသဏ္ဌာန်တို့အပါအဝင် ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်တို့နှင့် လိုက်လျောညီထွေဖြစ်စေရန် အလိုက်သင့်တုံ့ပြန်ဆောင်ရွက်ခြင်းကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများသည် ကျောင်းသား ကျောင်းသူအများအပြား နေ့စဉ်နှင့်အမျှ စုဝေးတက်ရောက်ရာနေရာဖြစ်၍ ကပ်ရောဂါကိုလက်ရှိအတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ဟန့်တားထားနိုင်မှုကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်အတွက် တာဝန်ရှိသူများနှင့်အတူ အားလုံးအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ရောဂါနှင့်ပတ်သက်သည်ရမည်ဖြစ်သည်။ အောင် ဆောင်ရွက်ပေးဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် လက်ရှိတွင် အခက်အခဲများရှိနေသော်လည်း စနစ်တကျ လက်တွဲညီညီ ဆောင်ရွက်နိုင်ကြလျှင် နောင်တစ်ချိန်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိကာလတွင် အခက်အခဲများကြားမှ သတ်မှတ်ချက်များကို ကြိုးစားလုပ်ကိုင် ရုန်းကန်ဆောင်ရွက်ရင်း မိမိတို့ဘဝတိုးတက်ရေး၊ မိမိနိုင်ငံတိုးတက်ရေးအတွက် ပညာရေးကို မျက်ခြည်ပြတ်မခံ ရုန်းကန်ကျော်လွှား ကြိုးစားရမည်ဖြစ်သည်။ ရရှိလာသည့်အခွင့်အရေးများကို လက်လွတ်မခံဘဲ အပတ်တကုတ် သင်ကြား၊ သင်ယူလေ့လာဆည်းပူး သွားကြရမည် ဖြစ်သည်။ သို့မှသာ ခက်ခက်ခဲခဲရှာဖွေရသည့်ပညာသည် ပိုမို တန်ဖိုးရှိသကဲ့သို့ ပညာပြည့်ဝနှလုံးလှသည့် အမျိုးကောင်းသားသမီးများ ထိုက်ထိုက်တန်တန် ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ