ကမ္ဘာ့အလယ်တွင် ဝင့်ထည်သော နိုင်ငံတော် အနာဂတ်တွင် ပေါ်ထွန်း ရေးအတွက် ရင်းနှီးမြှုပ်နှံအပ်သောအရာမှာ ပညာဖြစ်သည်။ ကောင်းမွန်မှန်ကန်သောပညာစနစ်ဖြင့် အနာဂတ်ကိုပုံဖော်ထုဆစ်ခြင်းဖြင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရယူတည်ဆောက်နိုင်မည်ဖြစ်သည်။ ယခုအခါ မှန်ကန်ကောင်းမွန်သော ပညာရေးစနစ်သစ် စတင်အကောင်အထည်ဖော်လျက်ရှိပြီး မျှော်မှန်းသည့်အတိုင်း အကောင်အထည်ပေါ်မည်ဟု မျှော်လင့်ပါသည်။

ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်းအမီလိုက်နိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မေလ ၂၁ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် အားပေးစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်ရန်အတွက် များစွာကြိုးပမ်းအားထုတ်ရဦးမည် ဖြစ်သည်။

 

ပြောင်းလဲလိုက်သောပညာရေးစနစ်သစ်ဖြင့် ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ ကျောင်းနေပျော်ပြီး ပညာတော်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ အခြားနိုင်ငံများ မှ ကျောင်းသား ကျောင်းသူများထက် ပိုမိုထူးချွန်ထက်မြက်အောင် ပညာ တွင်သာမက စိတ်ဓာတ်အတွေးအခေါ် မြင့်မားတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်သည်။ ယင်းအတွက် ယခုပညာရေးစနစ်သစ်တွင်ပြောင်းလဲအကောင်အထည်ဖော်နေပြီ ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် သင်ရိုးသစ် မူလတန်းအဆင့် KG တန်းကို၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ Grade-1 ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ Grade-2 ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တို့တွင် သင်ကြားပို့ချပေးခဲ့ပြီး ယခု ပညာသင်နှစ်တွင် မူလတန်းအဆင့်သင်ရိုးသစ် Grade-3 နှင့်အလယ်တန်းအဆင့်သင်ရိုးသစ် Grade-6 တို့ကို စတင်သင်ကြားပို့ချ တော့မည်ဖြစ်သည်။ ယခင်အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှယခု စဉ်းစားတွေးခေါ်မှုကို အားပေးသည့်ပညာရေးစနစ်သစ်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

ယခင်သင်ရိုးဟောင်းတွင် သင်ရိုးဘာသာဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်တို့ကို သင်ကြားခဲ့ပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်များကို တွဲဖက်သင်ရိုးအဖြစ် သင်ကြားခဲ့သည်။ ယခုသင်ရိုးသစ်တွင် ယင်းဘာသာရပ်အများစုကို သင်ကြားပေးလျက်ရှိသည်။ သင်ရိုးသစ်ဖြင့် သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ စည်းကမ်းလိုက်နာမှုပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ် တိုးတက်လာ ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှမှု၊ တီထွင်ကြံဆမှုနှင့်စဉ်းစားတွေးခေါ်မှုမြင့်မားခြင်းတို့ ရရှိမည်ဖြစ်သည်။

ပိုမိုကောင်းမွန်သောနည်းစနစ်ကို အနာဂတ်အတွက် မျှော်မှန်းချက်ဖြင့် ချမှတ်ပေးထားခြင်းဖြစ်ပြီး ယင်းကို ဆရာ ဆရာမများက အဓိက အကောင်အထည်ဖော်ရမည်ဖြစ်ရာ စနစ်သစ်နှင့်အညီ ဆရာ ဆရာမများ အရည်အသွေးပြည့်ဝရန် လိုအပ်ပါသည်။ ကျောင်းသား ကျောင်းသူများက ကြိုးစားသင်ယူ လေ့လာဆည်းပူးကြမည်ဖြစ်ပြီး ရည်မှန်းသည့်အတိုင်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပညာရေးရှင်သန်မှုသည်သစ်ပင်တစ်ပင်၏ ရေသောက်မြစ်ကဲ့သို့ဖြစ်၍ ကောင်းမွန်သောစနစ်ဖြင့်တစိုက်မတ်မတ် ကြိုးပမ်းဖော်ဆောင်လျှင် အောင်မြင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည်ပင်ကိုဥာဏ်ရည် ကောင်းသူများဖြစ်၍ ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါး သကဲ့သို့ ပညာကိုအားရစွာကြိုးစားလေ့လာဆည်းပူး သင်ကြားကြပါက ရည်မှန်းချက်ရောက်မည်သာ ဖြစ်သည်။

သို့ဖြစ်ရာ မျိုးဆက်သစ်တို့ ပိုမိုတောက်ပြောင်သည့် တိုင်းပြည်ဖြစ်အောင် ပုံဖော်ထုဆစ်နိုင်ရေးအတွက် ပညာစနစ်သည်အရေးကြီးသဖြင့်ပြောင်းလဲလိုက်သော မှန်ကန်သည့်ပညာစနစ်ကို မလျှော့သောဇွဲလုံ့လဖြင့်ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းအားထုတ်ခြင်းဖြင့် အခြားနိုင်ငံများအား အချိန်တိုအတွင်း လိုက်မီနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ကြေးမုံ