ဆရာဟူသည် အနန္တငါးပါးဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ”ဟူသည့် ငါးပါးသော ကြီးမြတ်သည့်ပုဂ္ဂိုလ်များတွင် အပါအဝင် ဖြစ်သည်။ ဆရာဟူသည် အသိပညာ၊ အတတ်ပညာများ ပေးဝေငှသည့် ပုဂ္ဂိုလ်များ ဖြစ်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူသော တိုက်ရိုက်မထိတွေ့သည့် ပုဂ္ဂိုလ် များကိုပင် ကျေးဇူးရှင်ဆရာဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဆရာ ဟူသမျှကို ရိုသေလေးစားကြ၍ ဆည်းကပ်ကိုးကွယ်အပ်သည်။ ဆရာဟူသမျှကို စိတ်ဝယ်မျှပင် ပြစ်မှားကျူးလွန်ခြင်းအမှုတို့ကို မပြုအပ်ပေ။
ဆရာဟူသမျှတို့၏ ဂုဏ်ကျေးဇူးများမှာ ကြီးမားလှသဖြင့် ကမ္ဘာတစ်ဝန်းလုံးမှ ဆရာများ၏ မြင့်မြတ်သော ဂုဏ်ကို ချီးကျူးအလေးအမြတ်ပြုသည့် ကျက်သရေမင်္ဂလာရှိမှုကို အထွတ်တင်ပြီး အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သက်သည့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကို အကြောင်းပြု၍ ၁၉၉၄ ခုနှစ်မှ စတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံသည် ဘာသာတရားနှင့်ယဉ်ကျေးမှုအစဉ်အလာ မြင့်မားသောနိုင်ငံ ဖြစ်သည်။ ဘာသာတရားနှင့် ယဉ်ကျေးမှု သွန်သင်မှုအရလည်းကောင်း၊ ဆရာများ၏ ကြီးမားသောဂုဏ်ပုဒ် အရလည်းကောင်း ဆည်းကပ်ထိုက်သူ၊ ရိုသေထိုက်သူများ အဖြစ် အထူးသတ်မှတ်ထားသည်။ ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာမှာ ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့ထက်တိုင်အောင် တည်တံ့ခိုင်မြဲလျက် ရှိသည်။ မြန်မာတို့သည် ပညာကို အထူးလိုလားသော ဓလေ့စရိုက်စွဲမြဲသည့်အပြင် ကျေးဇူးတရားကို ဦးထိပ်ပန်ဆင်လျက် အထူးသိတတ်တုံ့ပြန် ပေးဆပ်လာခဲ့ကြသည်။
လူမှုရေးကျင့်ဝတ်များတွင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဟူသည့် ဆရာ့ကျင့်ဝတ်ငါးပါး နှင့်အညီ ကျင့်ကြံအားထုတ်သူများဖြစ်သည်။ ဆရာဟူသည် အသိပညာ၊ အတတ် ပညာများကို သင်ကြားပေးရုံတင်မက သိသင့်သမျှ အတတ်ပညာများကို သင်ကြား ပေးရခြင်း၊ ဆုံးမဩဝါဒပေး၍ ပြုပြင်ပေးရခြင်း၊ မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ မိမိထက် ကျေးဇူးပြုနိုင်မည့် အထူးသင်ကြားပေးနိုင်မည့် ဆရာများထံသို့ အပ်နှံပေး ရခြင်းတို့ကိုလည်း ပြုလုပ်ပေးကြသူများဖြစ်သည်။
ယနေ့ခေတ်ကာလတွင် နိုင်ငံများ၏ အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ပညာအပေါ်တွင် တည်မှီနေသည်ကို အားလုံးလက်ခံလာကြသည်။ ပညာဖြင့် လူ့အသိုက်အဝန်းကိုတည်ဆောက်၊ ပညာဖြင့် နိုင်ငံကို တည်ဆောက် လာကြသည်။ ပညာကို တန်ဖိုးထားမြှင့်တင်သည့် နိုင်ငံသည် တိုးတက်ထွန်းကား လာသည်ကိုတွေ့ရ မည်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်လူ့ဘောင်ကို တည်ထောင် ရာ၌ ထူးချွန်ထက်မြက်ပြီး ပညာတတ်မြောက်သော ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်လူရွယ်များစွာ လိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိသည်။
ဆရာများသည် တပည့်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်ပြည့်စုံလာစေရန် သင်ကြားပြသပေးရသူ များဖြစ်သည်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်ရှိသူများ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူများ ဖြစ်လာစေရန် လမ်းမှန် ညွှန်ပြသင်ပြလျက်ရှိသည်။ ယင်းအလေ့အကျင့်ကောင်းများကို ပျိုးထောင်၍ ဆန်းစစ်ဝေဖန် တတ်စေရန်၊ ပြဿနာများ ဖြေရှင်းတတ်စေရန်၊ စဉ်းစားတွေးခေါ် တတ်စေရန်၊ တီထွင်ဖန်တီးတတ်စေရန် လမ်းညွှန် လေ့ကျင့်ပေးလျက်ရှိသည့်အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်လာစေရန် ပျိုးထောင် ပေးလျက်ရှိသည်။
သို့သော် ကမ္ဘာ့ယဉ်ကျေးမှုရေစီးကြောင်း ပြောင်းလဲလာမှုလမ်းကြောင်းတွင် စီးမျောလိုက်ပါလာမှုများနှင့် မြန်မာတို့၏ ဘာသာတရားနှင့်အစဉ်အလာ ယဉ်ကျေးမှုကို ဖျက်ဆီးသူတို့ကြောင့် လူငယ်လူရွယ်တို့ကြားတွင် ဆရာအပေါ်တန်ဖိုးမထားမှု၊ အဆိုးရွားဆုံးအားဖြင့် ဆရာကာပြန်၊ ကျေးဇူးခြေဖျက်မှုများနှင့် ပြစ်မှားသော အမှုများ ကျူးလွန်မှုများရှိလာသည်။ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးသူငယ်များ ဘဝမှစ၍ ဆရာ့ကျေးဇူး၊ ပညာကျေးဇူး အထူးသိတတ်သူများဖြစ်လာအောင် ပြန်လည်ပျိုးထောင်ပေးလျက်ရှိရာ တပည့်များအား ဗလငါးတန်နှင့် ပြည့်စုံသူများ ဖြစ်လာအောင် ပျိုးထောင်ပေးမည့် ဆရာကောင်း၊ ဆရာမြတ်များလိုအပ်လာသည်။
သို့ဖြစ်ရာ ပညာကိုတန်ဖိုးထားသော ခေတ်ကာလ၌ ဆရာ့ကျေးဇူးကို အထူးသိမြင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွန်းလာစေရန်၊ ပြုစုပျိုးထောင်ပေးကြရန်နှင့် ဆရာများကို ရိုသေလေးစား တန်ဖိုးထားတတ်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ