ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

မြန်မာနိုင်ငံ၏ ပညာရေးစနစ် တိုးတက်လာစေရေးအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားကို (အခြေခံပညာကဏ္ဍ) ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားရွာ (Gold Camp )၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ထမ်းများအနေဖြင့် ဥပဒေများကို လေးစားလိုက်နာပြီး ပြဿနာကိစ္စရပ်များ ပေါ်ပေါက်လာပါက မျက်နှာလိုက် ဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊ မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲစေဖို့ အခြေခံဖြစ်တဲ့ ပညာရေးဝန်ထမ်းများ လာဘ်စားခြင်းဖြင့် ဖြစ်ပေါ်လာသည့် အကျိုးအဆက်များကို တာဝန်ခံနိုင်ရန်နှင့် ယခုအခါကျောင်းသား /သူများ၏မိဘများအနေဖြင့် ဆရာဆရာမများကို အကဲအဖြတ်သည့်စနစ်ဖြင့် လာနေသောကြောင့် စနစ်တကျဆောင်ရွက်ဖို့ သင်ကြားခံယူသည့် ကလေးများသည် မတူညီနိုင်သည့် ကွဲပြားနေမှုကို ခွဲခြားစွာ မဆက်ဆံရန် စသည့် အခြေခံပညာရေးစနစ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ပရိုဂျက်တာရုပ်ပုံကားချပ်ဖြင့် အသေးစိတ် ရှင်းလင်းမှာကြားသည်။

အဆိုပါ အခမ်းအနား ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာသည့် ဆရာဆရာမကြီးများက ပညာရေးကဏ္ဍ၌ တွေ့ကြုံနေရသည်များကို အပြန်အလှန် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲသို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ၊ အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ ဖတ်ကြားမည့် စာတမ်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ထိန်နန်နော်

mdn