ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု

နေပြည်တော် ၁၂ မတ်

 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်မှ စတင် ကျင်းပလျက်ရှိရာ နိုင်ငံခြားစာစစ်ဌာန (၂၁)ခု၊ ပြည်တွင်းစာစစ်ဌာန (၁၇၂၁)ခု စုစုပေါင်း စာစစ်ဌာန(၁၇၄၂)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား/ ကျောင်းသူ (၇၄၁၆၇၆)ဦး ရှိသည့်အနက် ဓာတုဗေဒဘာသာကို (၆၉၄၃၇၁)ဦး ‌ဖြေဆိုကြပြီး ပျက်ကွက်သူ(၄၇၃၀၅)ဦး ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ( ၉၃ ဒသမ ၆၂)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ် အ‌ခြေခံပညာ အထက်တန်းကျောင်း(သာဝတ္ထိ)၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း (အေလာ) စာစစ်ဌာနများသို့ ရောက်ရှိပြီး ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများနှင့်  စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

နေပြည်တော်ကောင်စီနယ်မြေ၌ စာစစ်ဌာန(၄၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၂၈၆၂)ဦး ရှိသည့်အနက် ဓာတုဗေဒဘာသာကို(၂၁၄၀၀)ဦး ဖြေဆိုကြပြီး ပျက်ကွက်သူ(၁၄၆၂)ဦး ရှိသဖြင့် ဖြေဆိုမှု ရာခိုင် နှုန်းမှာ ( ၉၃ ဒသမ ၆၁)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် စိတ်ကြိုက်မြန်မာစာ ဘာသာကို (၁)ဦး ယနေ့ဖြေဆိုကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)