နေပြည်တော် ဒီဇင်ဘာ ၂၃

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညီလာခံကျင်းပရေးဦးစီးကော်မတီ၊  လုပ်ငန်း ကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများအနေဖြင့် လစ်ဟာမှုမရှိစေရန် မိမိတို့တာဝန်ယူထားသော လုပ်ငန်းကဏ္ဍများအလိုက် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုအခါတွင် စာတမ်းများကို အပြီးသတ်စိစစ်ရွေးချယ်ပြီး ဖြစ်ပါကြောင်း၊ ပြခန်းများ ခင်းကျင်း ပြသရာတွင် ပိုစတာနှင့် Table Show ပြသခြင်းနှင့်ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးဆုံးဖြတ်ပေးကြစေလိုကြောင်း၊ နိုင်ငံတကာအဆင့် သုတေသန ညီလာခံဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး မြင့်မားသော အသုံးချသုတေသန ညီလာခံဖြစ်ထွန်းလာစေရေးကို ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးကြစေ လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းများဆောင်ရွက်နေမှု အဆင့်ဆင့်နှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်