နေပြည်တော် ဧပြီ ၃၀
ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီးကိုကိုလွင်နှင့် ဦးကျော်သိန်းဆိုင်၊ နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ တက်ရောက် ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)မှာ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေး၊ စာရင်းအင်းဘာသာရပ်တွေ ပါဝင်မှာဖြစ်ပြီး ကျောင်းအုပ်ကြီးများအတွက် များစွာအကျိုးရှိမယ့်၊ မိမိတို့ လုပ်ငန်းခွင်မှာ အသုံးချနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲဖြစ်မယ်လို့ မျှော်လင့်ပါကြောင်း” ပြောကြားသည်။ ထို့နောက် နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး ၇၉ ဦး တက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို မေ ၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)