နေပြည်တော် ၇ ဒီဇင်ဘာ
ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS) နှင့် School Mapping System အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော် ကင်ပါ့စကီးဟိုတယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) ၏ အခန်း (၁၃)၊ မဟာဗျူဟာ (၂)၊ လုပ်ငန်းအစီအစဉ် (၃) လူ့စွမ်းအားအရင်းအမြစ် သတင်းအချက် အလက်စနစ် (Human Resource Information System– HRIS) နှင့် ပညာရေး စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System– EMIS) ကိုအားကောင်းအောင် ပြုလုပ်၍ Education Portal တစ်ခု ထူထောင်ရန်ဆိုသည့် လုပ်ငန်းအစီအစဉ်အရဆောင်ရွက်ခဲ့သည့် စနစ်များဖြစ်ပါကြောင်း။
မှန်ကန်သောပညာရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရန်အတွက် တိကျပြည့်စုံသည့် စာရင်းအင်းအချက်အလက်များနှင့် Up-to-Date ဖြစ်သည့် သတင်းအချက်အလက်များ လိုအပ်ပါကြောင်း၊ ယနေ့ စတင်မိတ်ဆက်သည့် EMIS စနစ်တွင်ပညာရေးဝန်ကြီးဌာန ကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသော အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ ကျောင်းပြင် ပပညာရေးကဏ္ဍများ၏ သတင်းအချက် အလက်များနှင့်အတူ လူ့စွမ်းအားအရင်း အမြစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များလည်း ပါဝင်သည့်အတွက် ပညာရေးဝန်ကြီးဌာနအတွက် လိုအပ်တဲ့သတင်းအချက်အလက်တွေ အလုံးစုံလွှမ်းခြုံပါဝင်တာကို တွေ့ရမည်ဖြစ်ပါကြောင်း။
EMIS စနစ်တွင်ရှိသည့် သတင်းအချက်အလက်တွေကို School Mapping စနစ်နဲ့ ချိတ်ဆက်ပြီးမြေပုံပေါ်မှာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပညာရေးဆိုင်ရာ အချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်သည့်အတွက် အထောက်အထားအခြေပြု မူဝါဒများချမှတ်ရာမှာ၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာများစွာ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း။
ယခု EMIS စနစ်နှင့် School Mapping စနစ်များသည်ပညာရေးသတင်း အချက်အလက်များကို တစ်စုတစ်စည်းတည်း ရယူအသုံးပြုနိုင်မည့်အခြေခံ Platform များအဖြစ်စတင် ထွက်ပေါ်လာတာ ဖြစ်သည့်အတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေများစွာရှိနေပါကြောင်း၊ ယခုစနစ်များကို ရေရှည်မှာစဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးအတွက် Real Time Data များ၊ Up-to-Date Data များကို အမြဲမပြတ် ထည့်သွင်းနိုင်ရန်လိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ Software အသစ်၊ System အသစ်များရေးဆွဲကြရာတွင်လည်းယခု EMIS စနစ်နှင့်ချိတ်ဆက် ဆောင်ရွက်ရန် ဦးတည်စဉ်းစားကြရန်လို အပ်မည်ဖြစ်ပါကြောင်း၊ System အသစ်များကိုတတ်နိုင်သမျှ သီးခြားမရေးဘဲ EMIS စနစ်တွင်ရှိပြီးသား အချက်အလက်များကို ရယူအသုံးပြုပြီး လိုအပ်သည့် အပိုင်းကိုသာ ထပ်မံရေးဆွဲပါကလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်လာနိုင်သလို စနစ်အမျိုးမျိုးကနေတူညီသော ဒေတာများ အကြိမ်ကြိမ် ကောက်ယူခြင်းမျိုးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း။
EMIS စနစ်နှင့် School Mapping စနစ် ရေးဆွဲရာတွင်ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့သည့် ယူနက်စကို၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးသည့်စနစ်များဖြစ်အောင် ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်း၊ EMIS စနစ်နဲ့ School Mapping စနစ်အနေနဲ့ ပညာရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများဆောင်ရွက်ခြင်းနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်များစွာအထောက်အကူပြုစေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ UNESCO Myanmar Office မှ Head of Office Ms. Min Jeong Kim, International Consultant Mr. James Shoobridge, ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်