လူတစ်ယောက်၏အကျင့်စရိုက်ကို မျိုးရိုးဗီဇ၊ သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ဟူသောအကြောင်းတရား သုံးမျိုးက ဖန်တီးပေးသည်ဟူ၍ အဆိုရှိသည်။ မျိုးရိုးဗီဇသည် အမိအဖတို့နှင့် သက်ဆိုင်၍ သင်ကြားပြသမှုသည် ဆရာများနှင့်သက်ဆိုင်ပြီး ပတ်ဝန်းကျင်မှာမူ မိဘများနှင့်ရော ဆရာတို့နှင့်ပါ သက်ဆိုင်သည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ပြုပြင်မှု ဟူသော ဒုတိယအကြောင်းတရားနှစ်ရပ်ကို စာသင်ကျောင်းများတွင် ခံယူရရှိနိုင်ပြီး ၎င်းတို့၏ဘဝ တစ်သက်တာအတွက်ရော နိုင်ငံအတွက်ပါ လွန်စွာအရေးပါသည့် အချိန်အခါသည် ဆရာများနှင့် ထိတွေ့သင်ယူကြရသည့် အချိန်အခါပင် ဖြစ်သည်။

 

အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးခြင်း၊ ကျွမ်းကျင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးများ မြင့်မားစေခြင်းဖြင့် အဖိုးတန် လူသားတစ်ဦးအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန်သာမက နိုင်ငံ တည်ဆောက်ရေးအတွက် အင်အားများကိုပါ ဆရာများက မွေးထုတ်ပေးနေခြင်း ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ယဉ်ကျေးမှု အစဉ်အလာအရကိုပင် ဆရာ ဆရာမများအား အနန္တဂိုဏ်းဝင်များအဖြစ် ရိုသေလေးစား တန်ဖိုးထားခဲ့ကြခြင်းဖြစ်ရာ နည်းပညာများနှင့် တိုးတက်ပြောင်းလဲနေသည့် ပညာခေတ်တွင် ဆရာများ အနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို မြှင့်တင်ကာ မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မိမိတို့၏မြင့်မားသည့် ဂုဏ်ရည်ကို ဆက်လက်ထိန်းသိမ်းကြရမည် ဖြစ်သည်။ နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် တစ်တပ်တစ်အားပါဝင်ကြရမည်ဖြစ်သည်။

 

နိုင်ငံအနာဂတ်အတွက် လွန်စွာအရေးကြီးသော ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်အစိုးရက အလေးအနက် ဆောင်ရွက်လျက်ရှိပြီး ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွဲဝေပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးအသုံးစရိတ် စုစုပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံ ခွင့်ပြုပေးခဲ့သည်။ ယင်းပမာဏသည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်၍ ဆရာ ဆရာမ များအား ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ပါရဂူဘွဲ့အတွက် ငွေကျပ် ၃၀၀၀၀ နှုန်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂၅၀၀၀ နှုန်း၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ် ၁၀၀၀၀ နှုန်း လစဉ်ချီးမြှင့် ပေးအပ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ထပ်ဆောင်း ချီးမြှင့် ပေးအပ်လျက်ရှိသည်။ ထို့ပြင် ဆရာ၊ ကျောင်းသားအချိုးမျှတရေးအတွက် ပညာရေး ဝန်ကြီးဌာနတွင် ထက်၊ လယ်၊ မူ ဆရာ ဆရာမပေါင်း ၁၃၉၀၃ ဦး၊ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ၅၈၉၉ ဦး၊ ပညာရေးဒီဂရီကောလိပ် နည်းပြ၊ သရုပ်ပြ ၃၃၃ ဦး၊ အခြားဝန်ကြီးဌာနများမှ ကျောင်း အသီးသီးတို့တွင် ဆရာ ဆရာမ ၇၅၃၇ ဦးတို့ကို ခန့်အပ်ခဲ့သည်။

 

ယခုအခါ မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် ပင်ကိုအရည်အချင်း၊ စွမ်းရည်များ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ အားကောင်းမောင်းသန် ရရှိရန် လိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရန်အတွက် ပညာရေးကဏ္ဍကို ဆက်လက်မြှင့်တင် သွားကြရမည်ဖြစ်ပြီး ပညာရေးတွင် အခရာဖြစ်သော ဆရာ ဆရာမများ၏ အရည်အချင်း၊ အရေအတွက်အင်အားကိုလည်း မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းဖြည့်ဆည်းကြရပါမည့် အကြောင်း။

 

မြန်မာ့အလင်း