ရန်ကုန် ၁ စက်တင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် မြန်မာနိုင်ငံပုဂ္ဂလိက ကဏ္ဍဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကွန်ရက် (MPD Network) တို့က ပူးပေါင်း၍ ပညာရေးကဏ္ဍတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ UMFCCI ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့် MPD Network နာယက ဦးသက်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကုန်းက မြန်မာနိုင်ငံတွင် ခုနှစ်အလိုက် ဖြစ်ပွားခဲ့သည့် မီးဘေး၊ ရေဘေး၊ လေဘေးများတွင် ဆုံးရှုံးမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးပြောကြား၍ တက်ရောက်သူများက ပညာရေးကဏ္ဍတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးထည့်သွင်း သင်ကြားနေမှုများကို ဆွေးနွေးတင်ပြကြသည်။
မြန်မာနိုင်ငံ၌ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မီးဘေး ၅၄၈ခု၊ ရေဘေး ၂၂၃ခုနှင့် လေဘေး ၇၅၂ခု ကြုံတွေ့ခဲ့ရပြီး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မီးဘေး ၆၂၀၊ ရေဘေး ၂၇၉ ခုနှင့် လေဘေး ၁၄၄၈ ခု ကြုံတွေ့ခဲ့ရပြီး လူ ၇၀ သေဆုံး ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ထားမှုအနေဖြင့် Cyclone Shelter ပေါင်း ၂၂၈ လုံး တည်ဆောက်ထားပြီး ဆက်လက်တည်ဆောက်သွားရန်ရှိကြောင်း၊ Cyclone Shelter များသည် ကျောင်းစာသင်ခန်းအဖြစ်အသုံးပြုနိုင်ပြီး ပညာရေးကဏ္ဍ အနေဖြင့် ဆရာ/ ဆရာမများက အသိပညာပေးသင်ကြားရေးနှင့် အစားအသောက် ဘေးကင်းရေး ပညာ ပေးလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်သင့်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကုန်းက ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကွန် ရက်မှ တွဲဘက်ဥက္ကဋ္ဌ ဒေါ်မေပုလဲသွယ်က “ကျောင်းသူကျောင်းသား တွေအတွက် လက်တွေ့ဆောင်ရွက်မယ့် ခေါင်းစဉ်နဲ့ ပညာရေးကဏ္ဍမှာ လိုအပ်တဲ့ SWOT Analysis အရ သူတို့ရဲ့အားသာချက်၊ အားနည်းတွေက ဘာတွေလဲ၊ ဘယ်အချက်တွေက အထောက်အပံ့ပေးမှာလဲ၊ ဘယ်အချက်တွေက အဟန့်အတားဖြစ် စေလဲဆိုတာကို ဆွေးနွေးပြီးရင် recommendation ကို ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေး သွားမှာပါ။ အရေးကြီးလို့ တစ်နိုင်ငံလုံးလုပ်ဖို့ လိုအပ်ပါတယ်။ သတင်းတွေအရကျောင်း ပေါင်း တစ်ရာကျော်လောက်ပဲ လုပ်တာရှိတယ်လို့သိရတယ်။ ဒီထက် အလုပ်ရုံဆွေးနွေး ပွဲတွေကို မကြာခဏလုပ်ပြီး ကျောင်းသင်ခန်းစာနဲ့ချိတ်ဆက်ပြီး သေသေချာချာ လေ့ကျင့်ရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။
အထကကျောင်းခွဲ၊ အလက(၈) မရမ်းကုန်းမြို့နယ်မှ အလယ်တန်းကျောင်းအုပ် ဒေါက်တာယုမွန်သော်က ဆွေးနွေးပွဲတက်ရောက်မှုနှင့်ပတ်သက်၍ “သဘာဝဘေး အန္တရာယ်ဆိုတာ ကြုံများကြုံတွေ့ခဲ့ရင် ဘယ်လိုတွေ ကာကွယ်ရမယ်၊ အသက်ရှင် ရပ်တည်ဖို့အတွက် ဘယ်လိုတွေဆောင်ရွက်ရမယ်ဆိုတာ ကလေးတွေကို လှုပ်ရှားမှု လေးတွေနဲ့ ဟောပြောအသိပညာပေးသွားပါမယ်” ဟု ပြောသည်။
ယနေ့ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ တက္ကသိုလ်နှင့် အစိုးရနှင့် ပုဂ္ဂလိက အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သန့်ဇင်ဝင်း


