ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
ဆရာများ၏ ကြီးမားသောတာဝန်နှင့် အခန်းကဏ္ဍကို ဖော်ညွှန်းရန်ရည်ရွယ်ပြီး ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်ပြီး ကျင်းပခဲ့ပါသည်။ ယခုနှစ်ဆိုလျှင် (၂၉) ကြိမ် မြောက်ရှိပြီဖြစ်ရာ ကမ္ဘာအရပ်ရပ်မှ နိုင်ငံပေါင်း ၁၀၀ ကျော်က ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုနေကြပါသည်။
“ဆရာတို့သည် မျက်စိနှင့်စိတ်ကို ပညာဖြင့် ဖွင့်ပေးကြသူများ ဖြစ်သည်။ ကမ္ဘာ့ဆရာများနေ့သည် အောက်တိုဘာလ ၅ ရက် နေ့ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက်မူ နေ့တိုင်းဖြစ်သည်။”
“ကျွန်တော်အသက်ရှင်နေရသည့်အတွက် အဖေ့ကိုကျေးဇူးတင်ရပါသည်။ ကျွန်တော့်ဘဝ သာယာဝပြောရသည့် အတွက် ဆရာ့ကိုကျေးဇူးတင်မဆုံး ဖြစ်ရပါသည်” (Alexander the Great)
“ကျွန်တော်တို့သည် တစ်သက်တာ သင်ယူလိုကြသူများ ဖြစ်ပါသည်။ ဆရာရှိနေပါက ထာဝရတပည့် ဖြစ်လိုပါသည်။” (Elisabeth Rohm) တို့၏ ဂုဏ်ပြုစကားများဖြင့် ဆရာများအား ဂုဏ်ပြုလိုက်ပါသည်။
ဆရာဆိုသည် အနန္တငါးပါးစလုံး အကျုံးဝင်သော ဂုဏ်ရှိသည့်ပုဂ္ဂိုလ်
ဘုရားရှင်၏ သတ္တမမြောက်ဂုဏ်တော်သည်-
‘သတ္ထာဒေဝ မနုဿာနံ’ လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် လူနတ်တို့၏ ဆရာဖြစ်သည်။
‘ဘုရားရှင်ဟောကြားခဲ့သော’ တရားတော်များသည် လူတို့ကိုဆရာအဖြစ် ဆုံးမလမ်းညွှန်သည့်အတွက် ‘တရား’သည် ဆရာ ဖြစ်သည်။
‘သံဃာတော်များ’သည် ဒကာ၊ ဒကာမတို့၏ ကိုးကွယ်ရာ ဆရာများဖြစ်သည်။
‘ပုဗ္ဗာစရိယ မိနှင့်ဖ’ဟူသော စကားအရ မိဘသည်လည်း သားသမီးတို့၏ ဆရာပင်ဖြစ်သည်။
ဆရာသည်
အသိပညာကို မြှင့်တင်သူ၊ ကျွမ်းကျင်မှုတစ်ခုခုကို မြှင့်တင် ပေးနိုင်သူ၊ ဗြဟ္မစိုရ်တရားထွန်းကားအောင် (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပွားများတတ်အောင်) လုပ်ပေးနိုင်သူ၊ စိတ်ဓာတ်ရေးရာပြုပြင်ပေးသူ၊ ဘဝခရီးတစ်လျှောက်တွင် ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ရန် စာပေကျမ်းဂန်များ၊ သိပ္ပံနှင့် လူမှုရေးသိပ္ပံ ပညာရပ်များကို သင်ကြားပို့ချရင်း-
အမှားနှင့်အမှန် ခွဲခြားနိုင်ရန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးကို မှန်ကန်စွာနားလည်ပြီး အမှောင်တွင်းမှ လွတ် မြောက်အောင်၊ အမှောင်ထုအတွင်း မရောက်အောင်ဆောင် ရွက်ပေးသူတို့သည် ဆရာကောင်း သမားကောင်းများဖြစ်သည်။
ဆရာသည် လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်သူ၊ တပည့်များ၏ဘဝနှင့် လောက၏အလှကို ဆင်သူ၊ သောကကို ဖြေဖျောက်ပေးသူများဖြစ်၍ လူ့အဖွဲ့အစည်း၏ခေါင်းဆောင်ဟု တင်စားကြပါသည်။
ဆရာ့ဝတ္တရားငါးပါး
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဆရာ့ဝတ္တရားငါးပါးကို ကျေပွန်အောင်ထမ်းဆောင်ရမည်မှာ မူလတာဝန်ဖြစ်သည်။ ဤဝတ္တရားငါးပါးကို အပြည့်အဝထမ်းဆောင်ခြင်းဖြင့် မြတ်ဆရာမည်ပေမည်။ အခြေခံပညာမှသည် အဆင့်မြင့်ပညာအထိ ဆရာတို့၏ ဝတ္တရားငါးပါးသည် သင်ယူသူတပည့်တို့အတွက် ဗလငါးတန်ပြည့်စုံ စေမည်ဖြစ်သည်။ ဆရာသမားတို့က ပညာရေးမျှော်မှန်းချက်ပညာရေး အစီအစဉ်များကို အကောင်အထည်ဖော်သည့်နေရာတွင် ဗဟိုချက်မ ဖြစ်သည်။ (၂၁)ရာစုပညာရေးသည် အလွန်အရေးပါသော ဆရာများ၏ တာဝန်များသည်လည်း ပို၍ကျယ်ဝန်းနက်ရှိုင်းလာသည်။ အသိ ပညာ၊ အတတ်ပညာပိုင်ဆိုင်မှ (၂၁) ရာစုတွင် ဝင်ဆံ့နိုင်မည်။ ရှင်သန် ကြီးထွားနိုင်မည်။ ဆရာသည် အလွန်အားထုတ်ပေးရမည့်နေရာတွင် ရောက်ရှိနေပါသည်။
ကမ္ဘာ့ဆရာများနေ့
၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ILO/UNESCO ၏ နှစ်ပတ်လည်နေ့တွင် ဆရာတို့၏ တာဝန်၊ ဝန်ဆောင်မှုကို ဂုဏ်ပြုရန်၊ ဆရာဆိုသော ပုဂ္ဂိုလ်များ၏ဘဝ မြင့်မားတိုးတက်ရေးကို အကြောင်းပြုပြီး ကမ္ဘာ့ဆရာများနေ့ကျင်းပရန် ဆုံးဖြတ်အကြံပြုချက်ကြောင့် ပထမဆုံး ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ UNESCO ၏မူအရ ဆရာတစ်ဦးသည် ပြဋ္ဌာန်းထားသော ပညာအရည်အချင်းနှင့် ပြည့်ဝနေရမည်။ ပက်ဒါဂေါ်ဂီ (Pedagogic) ဆရာဖြစ်သင်တန်းဆင်းလက်မှတ်ရရှိသူ၊ နိုင်ငံ တစ်နိုင်ငံ၌ ထက်လယ်မူအဆင့်အတွက် သင်ကြားမှုပြုနိုင်သူ၊ အရည် အချင်းရှိသူဖြစ်ရမည်။
၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့် UNESCO ၏ (၂၉) ကြိမ်မြောက် အစည်းအဝေးမှ အခြေခံပညာ ဆရာများသာမက အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားရေးနှင့် သုတေသနပြုသူတို့အားလည်း ဖြည့်စွက်ဂုဏ်ပြုရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုးကြီးကြောင့် ကမ္ဘာအရပ်ရပ်မှကျောင်းများ၊ စာသင်ခန်းများ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ မရှိငြားသော်လည်း ဆရာတို့သည် ကလေးငယ်များအား စာသင်ကြားနိုင်အောင် ကြိုးစားခဲ့သည်ကို တွေ့ခဲ့ရသည်။
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်သည် “Teachers: Leading in crisis, re-imagining the future”.
၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်သည် “Teachers at the Heart of Education Recovery” ဟု သတ်မှတ်၍ ကျင်းပခဲ့သည်။
၂၀၂၃ ခုနှစ် (ယခုနှစ်) ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်သည် ‘The teachers we need for the education we want’ ဖြစ်သည်။ “ပညာရေးလိုအင်မျှော်မှန်းချက်အတွက် ဆရာ လိုအပ်ချက်သည် အဓိက၊ ဆရာ့ကဏ္ဍသည် အဓိကကျသည်” ဟု အဓိပ္ပာယ်ရပါသည်။
လူငယ်မျိုးဆက်သစ်များအား ဆရာလောကသို့ ပိုမိုရောက်ရှိလာစေရန် ကမ္ဘာ့ဆရာများနေ့ကို ကျင်းပခြင်းဖြစ်သည်။ အလွန်တာသွားသော ဆောင်ပုဒ်ဖြစ်သည်။ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် (၁၇) ခုအနက် ပန်းတိုင် (၄) သည် အရည်အသွေး ပြည့်ပညာရေး “Quality Education” ဖြစ်ပေါ်ရေးဖြစ်သည်။ အရည် အသွေးပြည့်ပညာရေးဖြစ်ရေးအတွက် ဆရာကောင်းသမားကောင်း ရရှိရေးသည် အဓိကကျလှသည်။
သိပ္ပံပညာရှင်များ
ရှေးယခင်က သဘာဝသိပ္ပံ၊ ဇီဝသိပ္ပံများကို အထူးလိုက်စားခဲ့သည့် လူးဝစ်ပါစချာ၊ နယူတန်၊ ဂရီဂိုမင်ဒယ်လ်၊ ဒါဝန်၊ ဂျွန်ဒေါ်လတန်၊ ဂျိမ်းစ်ဝပ်(တ်)ဆန်၊ ဖရန်စစ်ခရစ်(က်) အက်ဒီဆင်၊ အိုင်းစတိုင်း၊ ရိုက်ညီနောင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဆရာများဖြစ်ကြပါသည်။ ကမ္ဘာကိုစံနမူနာများပြခဲ့ကြပါသည်။ ထိုသူတို့တစ်ဦးချင်း၏သုတေသန တွေ့ရှိချက်များသည် ထပ်ဆင့်တည်ဆောက်မှုများ၊ တီထွင်ဆန်းစစ်မှု များသည် လူ့ယဉ်ကျေးမှုကြီးဖြစ်ပေါ်ပုံတွင် စိတ်ဓာတ်ခွန်အားများဖြစ်ခဲ့ပါသည်။ သိပ္ပံနှင့် နည်းပညာနယ်ပယ်ထဲမှ သုတေသနများကြောင့်၊ လေ့လာမှုရလဒ်များကြောင့် ထွန်းကားလာမှုသည် သဘာဝတရား၏ နိယာမများကို ပိုနားလည်လာပြီး လူသားကောင်းကျိုးအတွက် အသုံး ချနိုင်မှုများ ရရှိခြင်းဖြစ်ပါသည်။
ဆရာ့ကဏ္ဍသစ်
ကျွန်တော်တို့ ငယ်စဉ်ကစ ကြီးပြင်းလာသည်အထိ ပညာသင်ကြား ကြသည့်အခါ
သိဖို့ (learning to know)
ကျွမ်းကျင်ဖို့ (learning to do and be skillful)
ကိုယ်ကျင့်တရားကောင်းဖို့ (learning to be)
အတူတကွ နေထိုင်ကြဖို့၊ ခွဲခြားမှုမရှိဖို့ (learning to live peacefully together, with no discrimination) ကိစ္စများ ပါဝင်ပါသည်။ နောက်ဆုံးတစ်ချက်ဖြစ်သည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့နှင့် ညီညွတ်မျှတစွာ နေတတ် ရန်သည် အလွန်အရေးကြီးလှပါသည်။
ပုံမှန်သင်ကြားရေးကြားထဲမှ ဆရာသည် ကျောင်းသားများနှင့်အတူ ကိုယ့်ကျောင်းမှာကိုယ် သစ်ပင်စိုက်နေလျှင်တောင် စိုက်ထားသည့်အပင် ကြီးထွားရှင်သန်အောင်လုပ်နေလျှင် ဒါလုပ်ငန်းတစ်ခုပဲ။ လူများအမှီသဟဲပြုရသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လမ်းညွှန်ပေးနေရမည်။ ရေမြေတောတောင်ကို အလှဆင်ပေးနေရမည်။ ကလေးမှအစ မိဘများအထိ သတိရှိ အောင် အသိပေးနေရမည်။ ဒါဆိုလျှင် ဆရာ၏ကဏ္ဍသစ်သည် ပြဋ္ဌာန်းစာအုပ် (Textbook) ကိုသင်ရုံ စာမေးပွဲအောင်ရုံ၊ နောက်တစ်တန်းတက်ရုံ အဆင့်ထက်မြင့်မားပြီး ထူးခြားလာပါလိမ့်မည်။ ဆရာသည် လူထု၏ခေါင်းဆောင် ဆိုသည့် ရုပ်လုံးပေါ်လာပါလိမ့်မည်။
မြန်မာနိုင်ငံ၏ မည်ကဲ့သို့သောဒေသတွင်ရှိနေသည့်ကျောင်း၊ တက္ကသိုလ်က ဆရာသည် မိမိရောက်နေသည့် ဒေသ၏ သင်ကြားသင်ယူမှုဝန်းကျင်ကို ကောင်းမွန်အောင်၊ လူများစုသင်ယူလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်သည်အထိ မျှော်မှန်းပြီး ဆောင်ရွက်ရန် အတွေးအခေါ်အယူအဆများ၊ နည်းစနစ်များ ပြောင်းလဲကောင်းပြောင်းလဲမည်။ ကျွမ်းကျင်မှုအတတ်ပညာများ မြှင့်တင်ရသည်ရှိကောင်းရှိမည်။ တစ်ကမ္ဘာလုံး ပညာရေးသည် ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆဖန်တီးပေးနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်များဘက်သို့ ရွေ့လျားနေသောပညာရေးစနစ်ကြီး ဖြစ်သည်။
ထူးချွန်ပြောင်မြောက်သော၊ တီထွင်ကြံဆနိုင်သောလူ မဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်သော၊ မေတ္တာတရားရှိသောလူတော့ အနည်းဆုံး ဖြစ်သွားစေရမည်။ ဆိုးသွမ်းလူငယ်များမဖြစ်ဘဲ တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသော၊ စည်းကမ်းရှိသော နိုင်ငံသားများ အနည်းဆုံး ဖြစ်သွားစေရပါမည်။ ထို့ကြောင့် တပည့်တို့သည် ဆရာပေါင်းများစွာက ပညာအမွေပေးသည့် အစဉ်အလာနှင့်အညီ ဆရာ့ကျေးဇူး၊ ဆရာ့ ဂုဏ်သည် မည်မျှကြီးမားကြောင်း ဆင်ခြင်ကြည့်နိုင်ပါသည်။
တပည့်များ
ကျွန်တော်တို့တစ်တွေသည် လူမှုအသိုက်အဝန်းအတွင်းမှ ပုဂ္ဂိုလ်များဖြစ်ရာ အားလုံးသည် ဆရာကောင်း သမားကောင်း ဖြစ်နိုင်မည်မဟုတ်၊ သို့သော်အားလုံးသည် တပည့်များ ဖြစ်ခဲ့ကြပါလိမ့်မည်။ ကြားဆရာ၊ မြင်ဆရာများ၏ တပည့်များလည်း ရှိကြပါမည်။ တပည့်တို့သည် ဆုံးမနာယူမှု ရှိကြရပါမည်။ ညီညာထကြွ တလေး တစား ကြိုဆိုခြင်း၊ သင်ယူခြင်း၊ တွေးတောကြံဆနိုင်ရန် ဆရာတို့ပေးသော သင်ခန်းစာဆိုင်ရာများ ရွတ်ဖတ်ခြင်း၊ အမေးပုစ္ဆာများ ဖြေဆိုခြင်းတို့ကိုလုပ်ကြခြင်းဖြင့် အဆင့်တိုင်း အဆင့်တိုင်း၌ တတ်မြောက်မှု တစ်ခုကို ရရှိသွားကြပေလိမ့်မည်။
မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် တပည့်တို့ဆိုသည် -
ကတညုတ - ကျေးဇူးရှိမှန်း သိမြင်ခြင်း၊
ကတဝေဒီ - သိသည့်အတိုင်း ကျေးဇူးတရားကို အောက်မေ့ ဆပ်သည့်သူများ၊ လူတော်လူကောင်းများဖြစ်၍ ပီတိဖြစ်ကြ ရပါသည်။
အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍများတွင် ပညာရေး လုပ်ငန်းစဉ်များဖြစ်သော သင်ကြားသင်ယူမှု၊ ပရိုဂျက်နှင့် သုတေသနနယ်ပယ်အထိ တပည့်များကောင်း၍ တပည့်များတော်သော မျိုးဆက်သစ် လူငယ်လူကြီးများ၊ လူပုံအလယ်တင့်တယ်သော ပုဂ္ဂိုလ်များ၊ ပညာတတ်များအဖြစ် မွေးထုတ်နေကြသူများသည် ဆရာများဖြစ်၍ ဂုဏ်ယူရပါသည်။
မြစ်ချောင်းများသဖွယ်စုန်ရေလို
ဆရာများသည် ပညာရေးမျှော်မှန်းပန်းတိုင်ရောက်ရန် လမ်းညွှန်ရာတွင် ကြိုးစားပမ်းစား ပညာပေး၍ လူထု၏အားကိုးရာဖြစ်သည်။ ဆရာ၏တွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ ပြုမူပုံများသည် ကျောင်းသား တပည့်များဆီ စီးဆင်းပါသည်။ ကျောင်းသားဆီကို ရောက်သွားခြင်းကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိမူရ ပါမည်။ ဆရာ ဆရာမများသည် အဖိုးတန်လူငယ်လူရွယ် လူရည်ချွန် လူရည်မွန်များဖြစ်အောင် အားထုတ်ကြရမည်။
မိမိနေအိမ်၊ ရပ်ရွာဒေသကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်ကြရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်း လူထုလိုအပ်ချက်၊ စက်ရုံများလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြည့်ဆည်း သွားကြရမည်ဖြစ်သည်။ ပို့ချသူ ဆရာဆရာမများသည် မည်သည့်အဆင့်မှာပင်ရှိစေ ပညာရေးကို မိမိကျောင်းဝင်းထဲက ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်း၏ အရေးကိစ္စ ဖြစ်သည့်အတွက် ဆရာ ဆရာမအပေါင်းသည် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်နေသူများဖြစ်သည်။
(၂၁) ရာစု၌ ကမ္ဘာအရပ်ရပ် အထူးသဖြင့် အနောက်နိုင်ငံများတွင် ဆရာလုပ်ငန်းသည် ပျော်ရွှင်နှစ်မြို့ဖွယ်ဟု သဘောမထားကြသည်ကို ကြုံတွေ့နေရသည်။ အတတ်လည်းသင်၊ သိပ္ပမချန် သင်ကြားမည့် ဆရာအင်အားပင် လိုအပ်ချက်ရှိနေသည်ဟုဆိုသည်။ ဆရာ့ဘဝသည် ဓားသွေးကျောက်ဟု သူတို့မြင်ကြသည်မှာ မြန်မာ ဆရာတို့နှင့် ကွာလှသည်။ ဆရာအပေါင်းသည် မြစ်ချောင်းများသဖွယ် စုန်ရေလိုပါပဲ၊ ပညာအမွေပေးခြင်းသာ ဖြစ်သည့်အတွက် သမ္မာအာဇီဝ အလွန်ဆန် သောပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
ချီးမွမ်းဂုဏ်ပြုစကားများ
ဆရာများအား ချီးမွမ်းထောမနာဂုဏ်ပြုစကားများ အများအပြားရှိရာ ကွန်ဖြူးစီယပ်၏အမြင်က - “ကျွန်တော်ဟာ လူနှစ်ယောက်နဲ့ အတူ လမ်းလျှောက်ဖြစ်ခဲ့ရင် သူတို့တစ်ဦးစီတစ်ဦးစီဟာ ကျွန်တော့် ဆရာများလို့ ခံယူပါတယ်။ တစ်ယောက်သောသူဆီက ကောင်းခြင်းကြန်အင်လက္ခဏာကိုရွေးယူပြီး အတုယူ ကျင့်သုံးပါမယ်။ အခြား တစ်ယောက်ဆီက မကောင်းတဲ့အချက်တွေကိုလည်း ရယူပြီး မိမိကိုယ်စိတ်နှလုံးမှာ ပြင်ယူလိုက်ပါမယ်။”
ဆရာများ၏ တာဝန်မှန်က တောတောင်ချုံပုတ်များ ရှင်းလင်းရန်မဟုတ်၊ သဲကန္တာရထဲ ရေသွင်းနိုင်ရန် ဖြစ်သည်ဟု ဆိုပါ သည်။ (C.S Lewis)
“ကျွန်တော်သိသော အကောင်းဆုံး CEOs (Chief Executive Officers) တို့သည် ဆရာများဖြစ်ကြသည်။ သူတို့သည် မဟာဗျူဟာ (Strategy) ကို အဓိကသင်ကြားပေးသည်” (Micheal Porter)
“ပုံမှန်ဆရာတစ်ဦးသည် ပြဿနာပုစ္ဆာများကို ခက်ခက်ခဲခဲ ရှင်းပြလေ့ရှိသည်။ ပါရမီရှင်ဆရာကမူ ပြဿနာပုစ္ဆာများကို လွယ်လွယ်ကူကူဖော်ထုတ်၍ ရှင်းလင်းပြနိုင်သည်။” (Robert Brault)
“ကျွန်တော်သည် စကားများများပြောသူထံမှ တိတ်ဆိတ်စွာ နားထောင်လိုက်ပါမည်။ သည်းညည်းခံနိုင်ဖွယ် မရှိလောက် အောင်ဖြစ်သည့်တိုင် ထိုသူများအား သည်းညည်းခံနိုင်စွမ်းရှိအောင် ကြိုးစားနိုင်ပါသည်။ အကြင်နာ ကင်းသူတို့အား ကြင်နာမှုပေးလိုက်ပါမည်။ သို့သော် ထူးဆန်းနေသည်မှာ ထိုထိုဆရာတို့၏ ကျေးဇူးတရားကို မအောက်မေ့နိုင်ခြင်း ဖြစ်သည်။” (Khalid Gibran)
Bill Gates ၏ ဘွဲ့ရမောင်မယ်များအတွက် စကားကြီးနှစ်ခွန်း ကတော့-
ကျောင်းကဆရာတွေကို ဆိုးတယ်လို့ထင်ခဲ့ရင် ခင်ဗျားတို့ တစ်နေ့ကုမ္ပဏီသူဌေးကြီးတွေဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးဖြစ်လာသူတွေဟာ အလုပ်ကို အကြွေးမထားဘူး၊ ကျောင်းမှာ အိမ်စာ (Homework) တွေ လုပ်ရသလိုပဲ၊ ဆရာတွေက အိမ်စာတွေပြီးအောင် အိမ်စာကို အကြွေးမထား ပြီးအောင်လုပ်တဲ့အကျင့်ရအောင် အော်ဟောက်တာဟာ လုပ်ငန်းခွင်မှာ အလုပ်ကို အချိန်မဆွဲ ပြီးအောင်လုပ်တဲ့ အလေ့အထကျင့်စဉ်ဟာ သူဌေး ဖြစ်ဖို့ပဲ။
လူ့ဘဝမှာ သင်ကြားချိန် မသတ်မှတ်ဘူး၊ ပိတ်ရက်မရှိ၊ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို အမြဲတမ်း ညှိနှိုင်းပေးမှာမဟုတ်၊ ဒါကိုအကြောင်းပြုပြီး လူ့ဘဝဟာ မမျှတဘူးလို့ ပြောကြပေမယ့် ဒါကို လက်ခံနိုင်အောင် မိမိဘက်က ဘက်ပေါင်းစုံတော်အောင် ကြိုးစားအားထုတ် ရလိမ့်မယ်” လို့ Bill Gates က မှာပါတယ်။
“ကျွန်မနှစ်သက်သော ဆရာဆိုသည် အိမ်စာပေးလိုက်သည်သာမက စဉ်းစားစရာများကို အိမ်စာနှင့်အတူ ပေးလိုက်သူတို့ဖြစ်သည်။” Lily Tomlin
အနာဂတ်ပညာရေး
အနောက်နိုင်ငံများတွင် ဆရာများ၏ ပညာအရည်အသွေး ဉာဏ်ရည်ဉာဏ်သွေး (intelligence level) ကို ဆန်းစစ်သောစစ်ဆေးမှု များရှိပါသည်။ အရည်အသွေးကို တိုင်းတာသော သတ်မှတ်ချက်များ ပြဋ္ဌာန်းရပါသည်။ သူ့အဆင့်နှင့်သူ သတ်မှတ်ချမှတ်သည့် အရည်အသွေးများပြည့်မီလျှင် ရာထူးတစ်ဆင့်တိုးခြင်း ဖြစ်ပါသည်။ ဝန်ထမ်း တိုင်း ရာထူးတိုးချင်သည်ချည်းပင်ဖြစ်သည်။ စစ်ဆေးမှုများကို ဖြတ်ကျော်နိုင်ရန် ဆရာများသည် အမြဲလေ့လာမှု လုပ်ကြရပါသည်။ သင်ကြားမှုအဆင့်မြင့်နေရန်က ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်ရ မည်။ သူများစစ်ဆေးမှုကိုလည်း ခံနိုင်ရည်ရှိရပါမည်။
ဆရာသည် အမြဲတမ်းဆန်းသစ်သော အယူအဆရှိနေရမည်။ အတွေးအခေါ် အယူအဆ လုံးဝရှင်သန်နေရမည်။ လူ့စွမ်းအားအရင်း အမြစ်ကို ဖန်တီးပေးနေရသော ဆရာသည် ခေတ်နောက်ကျနေခဲ့လျှင် မြန်မာ့ပညာရေး မြှင့်တင်မှုသည် မျှော်လင့်ချက်မရှိနိုင်။ သူမွေးထုတ် ပေးလိုက်သော လူ့စွမ်းအားအရင်းအမြစ်သည်လည်း ဘယ်နည်းနှင့်မျှ အနာဂတ်ကို ရင်ဆိုင်နိုင်မည်မဟုတ်။ လူငယ်မျိုးဆက်သစ်များ၏ ပညာရည်မြင့်မားရန် မျက်ခြည်မပြတ်အားထုတ်ကြရသဖြင့် ဆရာ ဆရာမများကို ဂုဏ်ပြုရခြင်းဖြစ်သည်။
ယှဉ်ပြိုင်မှုကြီးမားသည့် (၂၁) ရာစုခေတ်တွင် ပညာရေးသည် ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာ နယ်ပယ် သစ်များကို ဖြစ်နိုင်စွမ်းရှိအောင် မျှော်မှန်းပြီး ဆောင်ရွက်ကြရမည့် ခရီးဖြစ်သည်။ မြန်မာ့လူ့ဘောင်ကို ပညာလွှမ်းမိုးသော လူ့ဘောင် ဖြစ်ထွန်းရေးထဲတွင် လုပ်သားအင်အားတစ်ခုလုံး သင်ယူနေသော အင်အားဖြစ်ဖို့ကတစ်ကြောင်း၊ အနာဂတ်တွင် သင်ယူလေ့လာမှု လူ့အဖွဲ့အစည်းကြီးသည် ကြီးမားကျယ်ပြန့်လျက်ရှိသည်က တစ်ကြောင်း၊ ဒေသမရွေး သင်ယူမှုအခွင့်အလမ်းပေးနိုင်မည့် ပညာရေး စနစ်ကို တည်ထောင်လျက်ရှိပါသည်။ လူ့ဘောင်က လိုအပ်သည့် ပညာရပ်များကိုပေးနိုင်မည့် အနေအထား ဖြစ်အောင် လူတိုင်း နိုးကြားတက်ကြွစွာ ပါဝင်ကြိုးပမ်းနိုင်မည်ဆိုလျှင် အနာဂတ်ပညာရေးသည် အလွန်စိတ်ချနိုင်သော အခြေအနေဖြစ်ပါမည်။
စိန်ခေါ်မှုတွေကြီး
ယနေ့ခေတ်ကြီးတွင် ပြောင်းလဲလာပုံများသည် စိန်ခေါ်မှုများချည်းပါပဲ။ ပညာရေးမြှင့်တင်ရုံမက အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ဆရာများအတွက် စိန်ခေါ်မှုဖြစ်ပါသည်။ အောင်မြင် တိုးတက်နေသော နိုင်ငံတို့၌ ဆရာတို့သည် တောင့်တင်းကြံ့ခိုင်သည့် မဏ္ဍိုင်ဖြစ်သော်လည်း နွေးထွေးမှုနှင့် “နာသုံးနာ” တို့ကို ချီးမွမ်းဂုဏ်ပြု အသိအမှတ်ပြုရာတွင် အေးစက်စက် ဖြစ်နေသည်ဟု ဆိုသည်။
ဆရာတို့၏ ဝတ္တရားငါးပါးကို အတိတ်က မြင့်မားစွာ တန်ဖိုးထား လေးစားမှုရှိခဲ့သည်။ ဆရာများ၏ဂုဏ်ကို အကြောင်းပြု၍ ဆရာတို့ အား ကြောက်ချစ်ရိုသေ လေးစားကြည်ညိုမှု၊ တန်ဖိုးထားမှု၊ လူငယ်တို့၏ လေးစားဂုဏ်ယူခြင်းခံရသည်။ (၂၁) ရာစုတွင် ကမ္ဘာအရပ်ရပ်၌ ဆရာကောင်း၊ သမားကောင်းဖြစ်ရန် အခက်အခဲ စိန်ခေါ်မှုများရှိလာသည်ကို တွေ့ရသည်။ ဉာဏ်ရည်ဉာဏ်သွေးမြင့်သော ဆရာများအား ဆွဲဆောင်မှုရှိရှိ ခန့်ထားနိုင်ရေးမှာ ယခင်ကလို ထင်သလောက် မလွယ်ဟုဆိုသည်။ လစာနည်းခြင်း၊ တန်ဖိုးထားလေးစားမှု၊ အသိ အမှတ်ပြုခံရမှုနည်းလာခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆရာများ လုပ်ငန်းခွင်၌ မပျော်မရွှင်၊ မပြေမလည်ဖြစ်ရသည်ဟု ဆိုပါသည်။
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလိုနိဂုံးချုပ်ချင်ပါတယ်။
ပညာရေးမျှော်မှန်းချက်ဆန္ဒဖြစ်သည့် အရေး၊ အဖတ်၊ အတွက် တတ်မြောက်မှုတိုးတက်မြင့်မားရေး လူတိုင်းစာတတ်မြောက်ရေး၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)တွင် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေး၊ တစ်သက်တာသင်ယူမှု၊ တစ်နိုင်ငံလုံး အသိပညာ၊ သိပ္ပံပညာ တိုးတက်မြင့်မားရေးကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အရည်အသွေးရရှိသွားရန် အာမခံချက်အပေးဆုံးသည် မြတ်ဆရာများ ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားလာသည်နှင့်အတူ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်လာမည်ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါသည်။