နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် လူတို့၏အတွေးအခေါ် အယူအဆနှင့် သဘောထားများ၊ အသိပညာ အတတ်ပညာများ၊ ကျွမ်းကျင်မှုများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့်အလျောက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးတလည် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရသည်။ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအရင်းအနှီးအင်အားနှင့် လူအင်အားတို့ကို ထိထိရောက်ရောက်အသုံးချ၍ နိုင်ငံခေတ်မီဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင် များ၊ ကျွမ်းကျင်သူများ မရှိမဖြစ်လိုအပ်သည်။

 

နိုင်ငံကိုတည်‌ဆောက်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူတို့၏ အရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အဓိကရင်းနှီးမြှုပ်နှံပေးကြရသည်။ ပညာရေးကဏ္ဍ အားကောင်းခြင်းသည် နိုင်ငံသူ နိုင်ငံသားတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုအဆင့် အတန်းကို မြင့်မားစေပြီး ကျန်းမာရေးကဏ္ဍ အားကောင်းခြင်းက နိုင်ငံသူ နိုင်ငံသားတို့၏ ကာယ ဉာဏစွမ်းအားနှင့် အလုပ်လုပ်နိုင် မှုစွမ်းရည်တို့ကို မြင့်မားစေသည်။ မြန်မာနိုင်ငံကို စစ်မှန် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ် ပညာ၊ ကျွမ်းကျင်မှုများနှင့် ပြည့်စုံသည့် တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

“ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရက ဦးဆောင်ရမည် မှန်ပေသော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား ဖြင့် ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်အားကောင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့် ဖြစ်သည့် ကျောင်းသားလူငယ်များ၏အင်အားကို ပိုမိုအားထားရမည်ဖြစ်ကြောင်း။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဤသည်မှာ နိုင်ငံကို တည်ဆောက်ရာတွင် ပညာတတ်လူငယ်များ ပိုမိုလိုအပ်ကြောင်း ကို ထင်ရှားစေသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေး အတွက်နိုင်ငံသားတိုင်း ပညာသင်ယူ မှုအခွင့်အလမ်းများ သာတူညီမျှရရှိစေရန် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက် ရှိသည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံ ဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့် “ပထမအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး ဘာသာစုံဂုဏ်ထူးရှင် ၅၀၇ ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများ ဂုဏ်ပြုချီးမြှင့် ပေးခဲ့သည်။ ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲအလိုက်  ရမှတ်အများဆုံး ရရှိသူကျောင်းသား၊ ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော် က ဤကဲ့သို့ ထူးထူးခြားခြား ဂုဏ်ပြုချီးမြှင့်ရခြင်းသည် အနာ ဂတ်တွင် နိုင်ငံ၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်လာကြရမည့် နိုင်ငံ့အင်အားများအဖြစ် အသိအမှတ် ပြုခြင်းပင် ဖြစ်သည်။

 

အခြေခံပညာကို ထူးထူးချွန်ချွန်၊ ထွန်းထွန်းပေါက်ပေါက် အောင်မြင်ပြီးမြောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူအားလုံး အဆင့်မြင့်ပညာရှေ့ခရီးကို ဆက်ကြရဦးမည်ဖြစ်သည်။ မိမိတို့စိတ်ဝင်စားရာ၊ ဝါသနာပါရာ အဆင့်မြင့်ပညာများကိုလည်း ယခုထက် မလျှော့သော ဇွဲ လုံ့လ ဝီရိယတို့ဖြင့် ထက်ထက်သန်သန် ဆက်လက်ဆည်းပူးကြကာ အနာဂတ်တွင် နိုင်ငံနှင့် ပြည်သူအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ကြပါ စေကြောင်း။

 

မြန်မာ့အလင်း