နေပြည်တော် ၁၃ မတ်
ယနေ့ အခြေခံပညာအထက်တန်းစာမေးပွဲ (သိပ္ပံတွဲ) များပြီးပြီ။ ဘဝအတွက် အဆုံးအဖြတ် တစ်ခုလိုဖြစ်နေသည့် စာမေးပွဲဖြစ်သောကြောင့် ဆယ်တန်းစာမေးပွဲဆိုလျှင် မြန်မာနိုင်ငံ တစ်ဝန်းက စာမေးပွဲဖြေဆိုသူ အားလုံးလိုလိုအတွက် အလွန်ဖိအားများပါသည်။
ဖြေဆိုသူ ကျောင်းသူ ကျောင်းသားများသာမက မိဘများကိုပါ ဖိအားကြီးမားလှသဖြင့် ဆယ်တန်းစာမေးပွဲဖြေသူတစ်ဦး မိသားစုထဲမှာ ရှိသည်ဟုဆိုလျှင် မိသားစုတစ်ခုလုံး ရင်တုန်ပန်းတုန် လှုပ်လှုပ်ရှားရှား ရှိနေကြလေ့ရှိ၏။ သည်လိုရက်များဆိုလျှင် ယုံကြည်ရာ ယုံကြည်ရာတို့ထံ တိုင်တည်ရင်း၊ ဆုယူဆုတောင်းပြုကြရင်း အားကိုးရှာနေကြသူများ ကလည်း မရှား။
လက်တွေ့တွင်မူ ကြိုးစားအားထုတ်ထားသူများ အောင်ပန်းပွင့်သည့် သာဓကများကိုသာ တွေ့ရပါမည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တိုးတက်ဖွံ့ ဖြိုးရေးကို ဦးဆောင်လွှမ်းမိုး ထားသည့်အရာကား ပညာရေးဟုဆိုလျှင် သဘောတူကြသူများပါလိမ့်မည်။ အမှန်တကယ်လည်း ပညာရေး တိုးတက်ဖွံ့ဖြိုးမှုက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်ဆိုခြင်းကို နိုင်ငံတကာက အောင်မြင်တိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။
ယနေ့ ကမ္ဘာပေါ်ရှိ အကြီးကျယ်ဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ အတိုးတက်ဆုံးနိုင်ငံများက လုပ်ငန်းကြီးများကို လေ့လာလျှင် ပညာရေး မြင့်မားခြင်း၏ ရှေ့တန်းရောက်မှုကို တွေ့ရပါမည်။
ပညာနှင့် နှီးနွှယ်နေသော လုပ်ငန်းဆောင်တာများကသာ တိုင်းပြည်များ၏ တိုးတက်ရေးကို ဦးဆောင်နေသည် မဟုတ်ပါလား။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် ကွန်ရက်များဆိုင်ရာ ကွန်ပျူတာနည်းပညာ၊ စက်မှုလက်မှု ထုတ်လုပ်မှုများ၊ သယံဇာတ ရင်းမြစ်ဆိုင်ရာ ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ စသည်စသည် မည်သည့်ဘက်တွင်မဆို ပညာကသာ အဓိကဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလို အစဉ်အလာ မိရိုးဖလာပေါ်တွင် အခြေပြုသည့် နယ်ပယ်များတွင်ပင် ပညာကြီးသူများက နိုင်ငံတကာတွင် ဦးဆောင်နေပြီ။
မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းအလယ်တွင် ပြန်လည်ထူမတ်နိုင်ရေးအတွက် စီးပွားရေး ခေါင်းမော့လာအောင် ကြိုးစားနေကြသည်ဟုဆိုလျှင် မြန်မာ့ပညာရေးစနစ် မြင့်မားလာရန် မြှင့်တင်ကြဖို့ လိုနေပါပြီ။
ပညာရေးစနစ်မြင့်မားလာရေးအတွက် ဆယ်တန်းပညာရေးက မည်မျှလောက် အရေးပါသင့်သည် ဆိုသည်ကအစ သုံးသပ်နေကြရသည့် အချိန်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ယိုယွင်းခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြန်လည်ပြင်ဆင်ရေး ကြိုးပမ်းခြင်းဆိုသည်မှာ နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် သော့ချက်ကျသော အားထုတ်မှု ဖြစ်ပါမည်။
မြန်မာနိုင်ငံသည် ပြောင်းလဲဖို့ အချိန်တန်ပြီဆိုသည်ကို လက်ခံပြီးနောက် လက်တွေ့အားဖြင့် မည်မျှလောက် မြန်မြန်နှင့် မည်မျှလောက် အရှိန်အဟုန် မြင့်မြင့်မားမား ပြောင်းလဲအောင် လုပ်နိုင်မည်လဲဆိုသည်မှာ ပညာရေးစနစ်ကို မည်မျှလောက် ခေတ်မီအောင်၊ မည်မျှလောက် တာသွားအောင် ပြုပြင်နိုင်မည်လဲဆိုသည့် မေးခွန်း၏အဖြေတွင် တည်နေပါသည်။ အထူးသဖြင့် နိုင်ငံ၏ ရေရှည်ဖွံ့ ဖြိုးတိုးတက်မှု အောင်မြင်မှုကို မျှော်မှန်းထားကြချိန်တွင် ပိုမိုလိုအပ်မည် ဖြစ်ပါသည်။
ပညာရေးစနစ်ကို ပြောင်းလဲသည်ဆိုခြင်းမှာ ကျောင်းစာ သင်ရိုးဝန်းတမ်းများ ပြောင်းလဲရုံဖြင့်မရနိုင်။ ပညာရေးစနစ်ကို မြှင့်တင်နိုင်မည့် အထောက်အကူပြုမှုများနှင့်အတူ ပညာရေးမြင့်မားမှုကို အားပေးသည့် ဝန်းကျင်၊ အခြေခံအဆောက်အအုံများကိုပါ ပူးတွဲပြင်ဆင်တည်ဆောက် ရမည်ဟု ယုံကြည်ပါသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ဓာတ်ခွဲခန်းများ၊ ကျောင်းစာကြည့်တိုက်များ ပြည့်စုံအောင် ထူထောင်ရေး၊ ကျောင်းသားနှင့် ဆရာဦးရေ အချိုးအစားမျှတရေး စသည့်ထင်ရှားသော ယေဘုယျ လိုအပ်ချက်တို့ကို သတိပြုမိမည်ဆိုလျှင်ပင် ပညာရေးစနစ် မြင့်မားရေးအတွက် လိုအပ်သည့်ဝန်းကျင်နှင့် အခြေခံအဆောက်အအုံများ မည်မျှလောက် ထူထောင်ကြရမည်ဆိုသည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။
အရည်အချင်းပြည့်မီဖို့ထက် စာမေးပွဲအောင် ဘွဲ့လက်မှတ်ရဖို့ဆိုသည့်ခေတ်ကို နှစ်ရှည်ကြာ ဖြတ်သန်းခဲ့ရသည့် ပညာရေးစနစ်ကို ပြင်ဆင်ရသည်မှာ လွယ်ကူမည်မဟုတ်ပါ။ သို့သော်လည်း မလွယ်ကူသည့်ကြားက အောင်မြင်အောင် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့က ယနေ့ ဆောင်ရွက်ကြရမည့် လက်ငင်းတာဝန်ဖြစ်သည် မဟုတ်ပါလား။
မြန်မာ့အလင်း