နေပြည်တော်၊ ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန၊ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ (၂၅) ရက် မှ(၂၇) ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံ သုတေသန စာတမ်းများကို ဖတ်ကြားသည်။
အဆိုပါ သုတေသနစာတမ်း ဖတ်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။
ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန (၆) ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက သုတေသနစာတမ်းပေါင်း (၃၁၄) စောင် ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ပြီး ယနေ့တွင် သုတေသနစာတမ်းပေါင်း (၉၀) ဖတ်ကြားကြရာ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံတွင် တင်သွင်း ဖတ်ကြားသည့် သုတေသနစာတမ်းများမှ အကောင်းဆုံး ဝိဇ္ဇာသိပ္ပံပညာရှင်ဆုများ၊ ဘာသာရပ် နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး သုတေသနညီလာခံတွင် အဆင့်မီသည့် သုတေသနစာတမ်းများကို စုစည်း၍ သုတေသနဂျာနယ်များ ထုတ်ဝေသွားမည် ဖြစ်သည်။ အဆိုပါသုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်အသီးသီးမှ သုတေသနပိုစတာပေါင်း (၆၁) ခုနှင့် သုတေသနပြကွက် (၁၈) ခု ခင်းကျင်းပြသထားကြောင်း သိရသည်။
သတင်းစဉ်


