နေပြည်တော် ၇ ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို KG+12 စနစ်သစ် ပညာရေးသင်ရိုးညွှန်းတမ်းဖြင့် ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် အားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် KG+12 ပညာရေးစနစ်သစ်ဖြင့်  အခြေခံပညာရေးမှအဆင့်မြင့် ပညာရေးသို့ ကူးပြောင်းကြမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာတက္ကသိုလ်များနှင့် ဆက်စပ်ဝန်ကြီးဌာနရှိ တက္ကသိုလ်များအနေဖြင့် စနစ်သစ်သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပညာရပ်နယ်ပယ်နှင့် ပညာရှင်များ ပိုမိုပြည့်စုံကျယ်ပြန့်စွာ ပါဝင်နိုင်ပြီးပညာရပ် အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သုတေသနညီလာခံများ နှစ်စဉ်ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း။

 

တက္ကသိုလ်များတွင် Digitalization လုပ်ငန်းစဉ် အောင်မြင်စေရေးနှင့် လုပ်ငန်းများပိုမိုမြန်ဆန်ပြီး ထိရောက်မှန်ကန်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ၂၀၂၀ ဒီဇင်ဘာလမှ စတင်၍ ()နှစ်သင်ပညာရေး အထူးပြုဘွဲ့သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသနှင့် လိုက်လျောညီထွေသည့် ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သုတေသနုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အပါအဝင် ဦးစားပေးလုပ်ငန်း()ရပ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အဆင့်မြင့်ပညာရေးမှ အရည်အသွေးရှိသော ဘွဲ့ရမောင်မယ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည်ကဏ္ဍသည် အရေးအကြီး ဆုံးဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်များ အရည်အသွေးပြည့်ဝ၍တိုးတက်ရေး အားပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် စာမေးပွဲစနစ်များ နိုင်ငံတကာအဆင့်မီ တိုးတက်အောင် ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်များစာကြည့်တိုက်ကို ထိထိရောက်ရောက် အသုံးချဆောင်ရွက်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် အကြံပြုဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အဆင့်မြင့်ပညာရေးဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သောတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးရရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်စီစဉ်နေမှု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ်များ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးက လွတ်လပ်စွာရပ်တည်သော တက္ကသိုလ်များအဖြစ် ထူထောင်နိုင်ရန်အတွက် တက္ကသိုလ်အလိုက် ကြိုတင်လုပ်ငန်းစဉ်များနှင့် ပါမောက္ခချုပ်များ ကော်မတီက ကူညီဆောင်ရွက်ပေးမည့် အထောက်အကူပြုလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က National Qualification Framework နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံတက္ကသိုလ်များ၏ ဘဏ္ဍာရေးစနစ်၊ Good Practice Guidelines for University Governace and Management တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က တက္ကသိုလ်များတွင် e-payment system နှင့် Digitalization လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ စနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံး၏ နှစ်စဉ် Data Renew လုပ်ရန်လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အဆင့်မြင့်ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်