နေပြည်တော် ၃ ဖေဖော်ဝါရီ
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ် ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်သော ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲသူ အထူးများပြား နေသည်ကို တွေ့ရသည့်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နွေရာသီကျောင်းပိတ်ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသား ရေးအသွင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ်နှင့် သုံးစွဲသူအရေအတွက်သည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာ လုံးတွင် နှစ်စဉ်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း။
ဤမူးယစ်ဆေးဝါးအန္တရာယ်၊ ပြဿနာကိုဖြေရှင်းရန် အခြေအနေကို ဘက်စုံထောင့်စုံမှ သုံးသပ်ရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၂)ခုတည်းဖြင့် ဆောင်ရွက်၍မရနိုင်ကြောင်း အခြားနှီးနွှယ်ဝန်ကြီးဌာနပေါင်းစုံနှင့် ပြည်သူများ ပါဝင်မှရမည် ဖြစ်ပါကြောင်း။
အထူးသဖြင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ ပါဝင်ရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို တက္ကသိုလ်အဆင့်နှင့် အခြေခံပညာကျောင်းများ အဆင့်ခွဲခြား၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ထို့အပြင် ကျောင်းသားများသည် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိရုံ၊ ဗဟုသုတရရှိ သွားရုံသာမက လက်တွေ့လိုက်နာပြီး သုံးစွဲမှုမပြုစေရေး မည်သို့ဆောင်ရွက်မည်ကိုလည်း စဉ်းစားရမည်ဖြစ်ပါကြောင်း။
မည်သို့ လုပ်သင့်သည်ကို မိမိတို့ ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများ အလုပ်ရုံဆွေးနွေး ပွဲတစ်ခုပြုလုပ်၍ သေချာစွာ ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ စီမံချက်အသွင်ဖြင့် ရည်မှန်းချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊
မူးယစ်ဆေးဝါးအန္တရာယ်သည် မြန်မာနိုင်ငံအတွက် အမျိုးသားရေး အရေးပေါ်အခြေ အနေတစ်ခု အသွင် ဖြစ်နေသည်ဟု မိမိအနေဖြင့် ခံယူထားပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းသည် အခြားမကူးစက်တတ် သောရောဂါနှင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် များစွာ ခက်ခဲပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာ အခက်အခဲ မကောင်းသည့်အကျိုးဆက် များစွာဖြစ်ပွားပြီး လူညွှန့်တုံးမည် ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ်ကို ယခုအချိန်တွင် ထိရောက်စွာ စီမံဆောင်ရွက်ခြင်းမရှိပါက မိမိတို့ နိုင်ငံသည် မကြာမီ ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ခံစားရမည်ဖြစ်ပါကြောင်း။
ကျောင်းအခြေပြု မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားရေး အသွင် လှုပ်ရှားမှုတွင် ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများသည် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ဆောင်ရွက်ပေးပါ ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ အစည်းအဝေးပွဲသည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားရေးဦးတည်ချက်များတွင် မူးယစ်ဆေးဝါး အန္တရာယ်ကိုအမျိုးသားရေးတာဝန်အဖြစ် ကြိုတင်တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်းတိုးတက်မြင့်မားစေရေး ဟူ၍ဖော်ပြထားပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ အမျိုးသားအဆင့်ဆောင်ရွက်ရာတွင် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ လုပ်အားပေးဆောင်ရွက်မည့် ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများအမည်စာရင်းများ အချိန်မီပြုစုရန်လိုအပ်ကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးကို ကျောင်းအခြေပြု၊ တက္ကသိုလ်များအခြေပြု၊ လူမှုအဖွဲ့ အစည်းအခြေပြုလျက် ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်မြှင့်ကာ လက်တွေ့ကျကျ ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် လုံခြုံဘေးကင်း၍ ကျန်းမာရေးနှင့်ညီညွတ်သန့်ရှင်းသော အရည်အသွေးကောင်းမွန်သည့် သင်ယူမှုဝန်းကျင် ကောင်းဖြစ်အောင်ဖန်တီးဆောင်ရွက်၍ ၂၁ရာစု စွမ်းဆောင်ရည်နှင့်လိုက်လျောညီထွေသည့် ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့်ပြည့်စုံသော မျိုးဆက်သစ်ကျောင်းသားကျောင်းသူများ ပြုစုပျိုး ထောင်မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိ ပညာပေး ဆောင်ရွက်ကြရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ အားလုံးက ညီညီညွတ်ညွတ် မိသားစုစိတ်ဓာတ်ဖြင့်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း စသည်ဖြင့်် ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ NASA မှ ပညာရှင် ဒေါက်တာပဒေသာတင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက်အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့်အရှိန်အဟုန်မြင့်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဟောပြောပို့ချပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက အမှာစကားပြောကြား သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များက မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ပါဝါပွိုင့်များဖြင့် အသီးသီးတင်ပြကြပြီး အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီး ဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်(၆၈)ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)