နေပြည်တော် ၈ ဩဂုတ်


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးကောလိပ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ ပညာရေးကောလိပ်(၂၅)ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာ ဆရာမ (၅၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပညာရေးကောလိပ်မှ ပြုစုပျိုးထောင်မွေးထုတ်လိုက်သည့် ဆရာဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စံပြဖြစ်ရန်၊ အများကလေးစားတန်ဖိုးထားသူများဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းရန်၊ ပူးပေါင်းဆောင်ရွက်မှုကောင်းရန် အရေးကြီးပါကြောင်း၊ ပညာရေးကောလိပ်မှ ပြုစုပျိုးထောင်မွေးထုတ်ပေးလိုက်သော ဆရာ ဆရာမများသည် မြန်မာနိုင်ငံ၏ပညာရေးတွင် အရေးကြီးဆုံး၊ အခြေခံကျသော အုတ်မြစ်ဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအဖြင့် ပညာရေးကောလိပ်မှ ပညာရေးဒီဂရီ ကောလိပ်ဖြစ်အောင် ကြိုးစားနေခြင်းကြောင့် ရာထူးတိုးရန် အခွင့်အလမ်းများရရှိလာ မည်ဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ ပညာရေးတက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာန၏ ပထမဦးစားပေးဖြစ်ပါကြောင်း၊ ဆရာ ဆရာမတို့အနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် ပညာရေးကောလိပ်များ၊ ဒေသနှင့်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် ဂုဏ်သိက္ခာရှိသော ပညာရေးကောလိပ်များအဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါကြောင်း ပြောကြားသည်။


ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာ ဆရာမများအတွက် ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲရေးမူကို Power Point ဖြင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။ 


သတင်းစဉ်