နေပြည်တော် ၆ ဩဂုတ် 

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေး ဆရာ ဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

fhlow

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(၄၈)ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာ ဆရာမနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှုအရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ အဓိကအသက်သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာသင်ခန်း၌ သင်ကြားသင်ယူမှုများတွင် လက်တွေ့နယ်ပယ်နှင့် လိုက်လျောညီထွေရှိစေလိုပါကြောင်း။

 

သုတေသနများပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကိုအကျိုးပြုစေမည့် အသုံးချ သုတေသနများကို ပြုလုပ်စေလိုပါကြောင်း၊ အသုံးချ သုတေသနများကိုလည်း အကောင်းဆုံးလုပ်ရန် လူတိုင်းတွင် အခွင့်အရေးရှိပါကြောင်းနှင့် သုတေသနများ လုပ်ဆောင်ခြင်းကို အားပေးပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်အပါအဝင် (၈)ကျောင်းနှင့် မန္တလေးတက္ကသိုလ်အပါအဝင်(၈) ကျောင်းတို့၌ သုတေသနများ ပြုလုပ်ခြင်းကို အားကောင်းစေလိုပါကြောင်း၊ ၃ နှစ်တာကာလအတွင်း အကောင်းဆုံးဆိုသည့် တက္ကသိုလ်ကျောင်းများအနက် ရန်ကုန်တက္ကသိုလ်သည် ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် (၁၃၀၇၂)ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ ကမ္ဘာ့အဆင့်တွင် (၇၁၉၉) အထိအဆင့်တိုးတက်လာခြင်းသည် ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ၏ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၏ ပူးပေါင်းပါဝင်မှုဖြင့် လိုအပ်ချက်များကို စနစ်တကျတင်ပြကြရန်လိုအပ်ပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ ဒေသနှင့်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး ဦးတည်ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်များအဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေး ဆရာ ဆရာမများအတွက် ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်