နေပြည်တော် ၃ စက်တင်ဘာ

ပညာရေးဝန်ကြီးဌာန အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် သီးခြားပညာရေးရုပ်မြင်သံကြားလိုင်း တစ်လိုင်းရရှိရန် လွှတ်တော်သို့ တင်ပြလျှောက်ထားခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း သီးခြားထုတ်လွှင့်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း သီးခြားထုတ်လွှင့်နိုင်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နယ်စပ်ဒေသရှိ ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူမကျန် ပညာရေးနှင့်ပတ်သက်သည့် မှန်ကန်သော သင်ကြားသင်ယူမှု စွမ်းရည်များနှင့် သတင်းအချက်အလက်များ သိရှိနိုင်မှာဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ပညာရေး၊ ပညာပေးအစီအစဉ်များ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား မိဘ၊ ဆရာ၊ ကျောင်းသားကျောင်းသူ၊ ပြည်သူလူထုများ ပိုမိုသိရှိနိုင်ရန် အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးကို မတက်ရောက်နိုင်သေးသော ကလေးများ၊ ကျောင်းပညာရေး တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ရသည့် ကလေးများ၊ လူငယ်လူကြီးများ၏ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအပြင် ပညာရေး၊ ပညာပေးအစီအစဉ်များအား ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသခြင်း၊  ရေဒီယိုမှ သင်ခန်းစာများထုတ်လွှင့်ပေးခြင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်းတွင် အခြေခံ၊ အဆင့်မြင့်၊ သက်မွေးပညာရေး စသည့် ကျောင်းတွင်းပညာရေးအစီအစဉ်များ၊ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေး၊ ဝင်ငွေတိုးပွားရေး စသည့် ပညာရေးအစီအစဉ်များ၊ မှတ်တမ်းတို၊ ဇာတ်လမ်းတို စသည့် ပညာပေးအစီအစဉ်များ၊ ပညာရေးမြှင့်တင်ရေးတေးသီချင်းများ၊ ပညာရေးလှုပ်ရှားမှုများနှင့်သတင်းများ၊ ပညာရေးစကားဝိုင်းများ၊ ပညာရေးသိကောင်းစရာများ ယဉ်ကျေးလိမ္မာအစီအစဉ်များနှင့် အင်္ဂလိပ်ဘာသာစကားအစီအစဉ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ အပတ်စဉ်ကျောင်းချိန်အတွင်း ထုတ်လွှင့်နိုင်ရန်လျာထားပါကြောင်း။ 

ယခုလို အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တစ်လိုင်းသီးခြားထုတ်လွှင့်နိုင်ခြင်းဖြင့် မိဘပြည်သူ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအားလုံး ငွေကုန်သက်သာပြီးသင်ယူမှု အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် အရည်အသွေးပြည့်ဝသည့် ဆရာရှားပါးသည့် ဒေသများ၊ သင်ထောက်ကူပစ္စည်း လုံလောက်စွာမရှိသေးသည့် ဝေးလံခေါင်းပါးသောဒေသများထံ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်မည့်အပြင် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးလှုပ်ရှားမှု၊ ပညာရေး ပညာပေးအစီအစဉ်များ၊ အသိပညာပေးအစီအစဉ်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်တော့မည်ဖြစ်သဖြင့် အလွန်ထိရောက်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း။

အစိုးရ၏ ပညာရေးရုပ်သံလိုင်းတစ်လိုင်း ထုတ်လွှင့်နိ်ုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း ထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်