နေပြည်တော်၊ မေ ၁၃
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီစာပေးစာယူ သင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ် ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြ ဆရာတာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် မန္တလေးပညာရေးဒီဂရီ ကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းသားများ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (အထက်တန်းအဆင့်) နှင့် (နိုင်ငံတကာသင်ရိုး) တက်ရောက်လျက်ရှိသော သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားရာတွင် ယခုသင်တန်းပြီးမြောက်ပြီးပါက ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ် ချီးမြှင့်မည်ဖြစ်ပြီး ဆက်လက်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားရသည့် ကျောင်းများတွင် ကျောင်းသား ကျောင်းသူများကို မိခင်ဘာသာစကား၊ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာ၊ မြန်မာစကားတတ်အောင် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ မြန်မာ့ ပထဝီဝင်၊ မြန်မာ့သမိုင်းကိုလည်း အလေးအနက်ထားသင်ကြားကာ မြန်မာလူငယ် ကျောင်းသားများ နိုင်ငံချစ်စိတ် ကိန်းအောင်းလာစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားလိုက်သော သင်ပြနည်း စနစ်များကို အလေးအနက်ထား မှတ်သားနာယူစေလိုကြောင်း၊ နည်းပညာအသုံးချ (Technology Integration) သင်ကြားသင်ယူမှုစနစ်များကိုလည်း မျက်ခြေမပြတ် လေ့လာနေမှသာ မိမိ၏ကိုယ်ပိုင်အရည်အသွေးနှင့် သင်ကြားမှုအရည်အသွေး မြင့်တက်လာမည် ဖြစ်ပါကြောင်း မှာကြားပြီး တက္ကသိုလ် ဥပဓိရုပ်နှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။
မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ဘီအီးဒီစာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်တန်းသား ၇၈၉ ဦး၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်) ၃၂၉ ဦးနှင့် အလယ်တန်းအဆင့် ၂၂၀ စုစုပေါင်း ၅၄၉ ဦး တက်ရောက်လျက်ရှိပြီး မန္တလေးတက္ကသိုလ်တွင် အထက်တန်းအဆင့် ၅၄၅ ဦး နှင့် နိုင်ငံတကာ သင်ရိုးသင် သင်တန်းသား ၅၀၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
