နေပြည်တော် စက်တင်ဘာ ၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ အေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ လက်တွေ့ခန်းသုံး ပစ္စည်းများကို စနစ်တကျ အကျိုးရှိ ထိရောက်စွာ အသုံးပြုရန်လိုပါကြောင်း၊ အသုံးပြုမှုကြောင့် ပျက်စီးမှုများကို ပြန်လည်ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ရုံးပိတ်ရက်ရှည် ခံစားနေသည့်ကာလအတွင်း မိမိသင်ကြားရသည့် ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်သော ဘာသာရပ်များကို အရည်အသွေး မြှင့်တင်ရန် စဉ်ဆက်မပြတ် လေ့လာနေရန် လိုပါကြောင်းမှာ ကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ ကွန်ပျူတာများ ဖြည့်ဆည်းပေးရေး၊ စာကြည့်တိုက်သုံး စာအုပ်၊ ပရိဘောဂများ ဖြည့်ဆည်းပေးရေးနှင့် ကျောင်းရှိမြေနှင့် ကိုက်ညီသည့် အားကစားရုံ၊ အားကစားကွင်း၊ ဘောလုံးကွင်း၊ ပြေးလမ်းပတ်လမ်းများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်၊၊

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပြည်စံအောင် အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းဉပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲဆိုင်ရာများ ပိုမိုကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်