နေပြည်တော်    ဖေဖော်ဝါရီ    ၇

 

မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီတတ်စေ‌ရေးဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

 

ဦးစွာ မန်လည်ဆရာတော်ဘုရားကြီး၏ ထမနဲထိုးကဗျာဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများနှင့်အမှတ်ပေးပုံစံများကို ရှင်းလင်းဖတ်ကြားကာ ဒိုင်လူကြီးများက ပြိုင်ပွဲဝင်အသင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခုနှင့် Naypyitaw State Academy တို့မှ စုစုပေါင်းအသင်း (၁၀)သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း တပျော်တပါးအားမာန်အပြည့်ဖြင့် ထမနဲထိုး ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ‌‌ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များက ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြ သည့် အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  သက်ဆိုင်ရာဦးစီးဌာနများအလိုက် အရာထမ်း၊ အမှုထမ်း များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)