ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုး

နေပြည်တော် ၂၁ နိုဝင်ဘာ

 

ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjarto က အမှာစကားပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjarto တို့က ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြသည်။ 

 

အခမ်းအနားသို့ ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjarto၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ၊ သံအမတ်ကြီး H.E. Mr Peter Jakab နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အား လက်မှတ်ရေးထိုးခြင်းဖြင့် တစ်နှစ်လျှင် ထူးချွန်သော မြန်မာကျောင်းသား၊ ကျောင်းသူများအား ဟန်ဂေရီနိုင်ငံ၌ ပညာသင်ယူ နိုင်ရန်အတွက် ပညာတော်သင်ဆုများ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများနှင့် သုတေသနဌာနများသည် အပြန်အလှန်စိတ်ဝင်စားမှုရှိသည့် ဘာသာရပ်နယ်ပယ်များနှင့် သက်ဆိုင်သည့် တွေ့ဆုံဆွေးနွေးပွဲများ၊ သိပ္ပံနည်းကျ သုတေသန ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့အကြုံဖလှယ်ပွဲများ၊ ညီလာခံများကျင်းပခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

mdn