နေပြည်တော် ၂၃ မတ်
ပညာရေးဝန်ကြီးဌာနသို့ ပြည်တော်တိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ အလက(၂) မိုးထိကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အလက(၂) မိုးထိ နှစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရေးသင်ကြားသင်ယူမှုများကို အရှိန်အဟုန်နှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြပြီး အပြိုင်အဆိုင်ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေရှိသည့် (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ၊ ပညာသင်ယူမှုအခွင့်အလမ်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာမေးပွဲရလဒ်ကောင်းရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း သင်ယူလာအောင် ဦးတည်သည့် သင်ကြားသင်ယူမှုစနစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသားကျောင်းသူများကို အကျင့်စာရိတ္တကောင်းမွန်သော လူသားကောင်းများဖြစ်စေရေး၊ တရားမျှတမှုကို ချစ်မြတ်နိုးတတ်စေရေး၊ အမှိုက်ပြစ်ခြင်းမှ အစပြုကာ စည်းကမ်းရှိရေး၊ မူးယစ်ဆေးဝါး၊ လောင်းကစားအန္တရာယ်များ ကင်းရှင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်တတ်ရေးတို့အတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်းဝန်းပြုစုပျိုးထောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ဦးတင်မောင်ဝင်း (M.D, ILBC)က ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသော သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်းနှင့် Video Conferencing Device လှူဒါန်းမှုအတွက် ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ဦးစည်သူဖြိုးမြင့် (M.D, ပြည်တော်တိုးကုမ္ပဏီ)က ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအတွက် ဝမ်းမြောက်ပီတိစကား ပြောကြားသည်။
ယင်းနောက် ဦးတင်မောင်ဝင်း (M.D,ILBC)က Video Conferencing Device အား ပေးအပ်လှူဒါန်းရာ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ် ဆရာမကြီး ဒေါ်နီနီညွှန့်က လက်ခံရယူသည်။
ယင်းနောက် မန္တလေးဖောင်တော်ဦး ကျောင်းတိုက်မှ ဆရာတော်ဦး နာယက က Video Conferencing Device ဖြင့် သြဝါဒစကား မြွတ်ကြားသည်။
ထို့နောက် RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်အလံများအား ပေးအပ်ကြသည်။
ဆက်လက်၍ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီညွှန့်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား၍ ပဉ္စမတန်း ကျောင်းသား ကျောင်းသူများက “လောကအားမာန်” သီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသည့် တတိယအကြိမ် သင်ကြားသင်ယူမှုစွမ်းရည်မြှင့် သင်တန်းတက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ဆွေးနွေးပို့ချကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


