ရန်ကုန် ၂၇ ဖေဖော်ဝါရီ

 

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီအစဉ် (SISP) နှင့် လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် (IAQE) အသိပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အထက(၄) သီရိရတနာခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေနှင့် ကမ္ဘာ့ဘဏ်မှ Education Team Leader ဖြစ်သူ Ms. Marie-Helene တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း အစီအမံများ၊ ဦးစားပေးမြို့နယ် ရွေးချယ်ခြင်းဆိုင်ရာ အညွှန်းကိန်းများကို ဆွေးနွေးတင်ပြခြင်းကို ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အုပ်စုငယ်ဖွဲ့ ဆွေးနွေးခြင်း၊ အုပ်စုများမှ ပြန်လည်တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အသိပေးဆွေးနွေးပွဲ၏ ဦးတည်ချက်များဖြစ်သည့် ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးရာ စီမံခန့်ခွဲမှု မူဘောင်ကို ဆွေးနွေးတင်ပြခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များဖြစ်သည့် အခြေခံပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ဆရာ ဆရာမများ အရည်အသွေး တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်မည့် မြို့နယ်များအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း မည်သို့ ဦးစားပေး တန်းစီဇယားဖြင့် ရွေးချယ်သည်ကို အသိပေးဆွေးနွေး တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးမှု အထောက်အကူပြုအစီအစဉ်၊ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်၊ ဆရာ ဆရာမများ အရည်အသွေး တိုးတက်ရေးအစီအစဉ်၊ ကျောင်းပြင်ပ ပညာရေးအစီအစဉ်နှင့် တိုင်းရင်းသား ပညာရေးအစီအစဉ်တို့ကို ပူးပေါင်းပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့သည် အဆိုပါအစီအစဉ်များကို ၂၀၁၃-၂၀၁၄ ခုနှစ်မှစတင်၍ လက်တွဲဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အသိပေးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်း - မြတ်စန္ဒီ
ဓာတ်ပုံ - လှမိုး