နေပြည်တော် ၆ ဒီဇင်ဘာ
ပညာရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်အတွက် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆ -၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျွမ်းကျင်မှု အခြေပြုနိုင်ရေးတို့ကို မြှင့်တင်ရန် အခြေခံပညာရေး၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးနှင့် ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုတို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ အဓိကပြုပြင် ပြောင်းလဲမှုများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ ၅ နှစ်အတွက် ရန်ပုံငွေများ ပံ့ပိုးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။
အခြေခံပညာရေးတွင် သင်ရိုးညွှန်းတမ်းများကို ၂၁ ရာစု ပညာရေးနှင့်အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သင်ရိုးသစ်ကို သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများကို စည်းကမ်းလိုက်နားမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ်တိုးတက်လာခြင်း တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာပါကြောင်း၊ Grade-3 ကျောင်းသား ကျောင်းသူတိုင်း အခြေခံအရေး၊ အဖက်၊ အတွက် ကောင်းမွန်စွာတတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ မူလတန်း ပညာအားလုံးပြီးမြောက်၍ အလယ်တန်း၊ အထက်တန်း ပညာရေးသို့ ဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျောင်းနေမှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသအလိုက်လိုအပ်သော စာသင်ကျောင်းများ တိုးမြှင့်ဆောက်လုပ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် ဆရာဆရာမများခန့်ထားပေးခြင်းနှင့် ပညာသင် ထောက်ပံ့ကြေးများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လုပ်သားစျေးကွက်နှင့် လိုက်လျောညီထွေမှုရှိသော အရည်သွေးရှိနည်းပညာ သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာဆိုင်ရာ သင်တန်းအစီအစဉ်များ ဖွင့်လှစ်ပေးနိုင်ရန် ကျောင်းများနှင့် စက်ရုံအလုပ်ရုံ ဌာနများ ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးပေးပါသောဥရောပသမဂ္ဂနှင့်အတူ ဖွံ့ဖြိုးမှုမိတ်ဖက်များ အားကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt က အမှာစကားပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက Power Pointဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ ကဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဥရောပ သမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာဆရာမများ၊ မိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး စာကြည့်တိုက်၊ စာသင်ခန်းများအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
(သတင်းစဉ်)