နေပြည်တော်၊ နိုဝင်ဘာ ၆

 

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် နစ်နာမှုမရှိစေရန်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာများ  ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ခြင်းများ အပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နေ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း (၅၅)နှစ်သည် ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသို့ အငှားယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကလေးပစ္စည်း အရောင်းဆိုင်ရှေ့သို့အရောက်၌ အကြမ်းဖက် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးခဲ့ရာ ဒေါ်လှလှသန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးမှ ကျည်ခွံ နှစ်ခုနှင့် ကျည်ဖူးပါ ကျည် တစ်တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးခင်မောင်သန်း (၅၉) နှစ်သည် နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် ၎င်း၏နေအိမ်ရှိရာ လက်ခုပ်ပင်ကျေးရွာသို့ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းကြောင့် လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ကြူအိုင်ကျေးရွာအနီးရှိ ယာတောအတွင်းမှ ၎င်း၏အလောင်းကို လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ရှာဖွေတွေ့ရှိခဲ့ရသည်။

 

ထို့ပြင် အကြမ်းဖက်သမားများသည် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများနှင့် ပညာသင်ကြားရန် စေလွှတ်ပေးသည့် မိဘအုပ်ထိန်းသူများ အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို ဦးတည် လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်းနှင့် စစ်ကိုင်းလမ်းခွဲထောင့်ရှိ အခြေခံပညာ ကျောင်းဝန်းအတွင်းသို့ စစ်ကိုင်းလမ်းခွဲအတိုင်း ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။ အဆိုပါလက်ပစ်ဗုံးမှာ ပေါက်ကွဲခဲ့ ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းအုတ်တံတိုင်းဘေးရှိ ရေအိုင်အတွင်း၌ အဆိုပါ လက်ပစ်ဗုံးအားတွေ့ရှိသဖြင့်  ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်မဖြစ်စေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

 

mdn

 

အလားတူ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ရွေး) အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၇ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် စာသင်ကျောင်းစတိုခန်းရှိ ကျောင်းပရိဘောဂ ပစ္စည်းများနှင့် ပြတင်းပေါက်တံခါးများ မီးလောင်ပျက်စီးခဲ့ပြီး ၎င်းနေရာအနီးမှ PVC ပိုက် အပိုင်းအစ ၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

အကြမ်းဖက်သမားများသည် အနာဂတ်မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ ပညာသင်ကြားသည့် အဆောက်အဦများ ထိခိုက်ပျက်စီးစေသည့်အပြင် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ အကြမ်းဖက်လုပ်ရပ်များကို တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်သူများအား အမြန်ဆုံးဖမ်း ဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်