ရန်ကုန်  ၂၃   နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပညာရေးနှင့် ကျန်းမာရေးဖောင်ဒေးရှင်း မှ ၂၀၁၈-၂၀၁၉  ပညာသင်နှစ်အတွင်း မြို့နယ်အတွင်းရှိ ပညာရည်ထူးချွန်၍ ဆင်းရဲနွမ်းပါးသော ကျောင်းသူ(၂)ဦးအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုး က ဆင်းရဲနွမ်းပါးပြီး စာကြိုးစားသော ကျောင်းသူ(၂)ဦးအား  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်စေရေးအတွက် ရွေးချယ်ခဲ့ပုံကို ပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်ပညာရေးနှင့် ကျန်းမာရေး ဖောင်ဒေးရှင်းဒုဉက္ကဋ္ဌ ဒေါက်တာတင်ဖုန်း က ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်လှူဒါန်းခြင်းနှင့် ဖောင်ဒေးရှင်း၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာရည်ထူးချွန်၍ ဆင်းရဲနွမ်းပါးသော အ.ထ.က(၁) ကျောင်းမှ ဒသမတန်း ကျောင်းသူ မဖူးပွင့်ကိုကို နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မှ ဒသမတန်း ကျောင်းသူ မနန်းသဇင်မြင့်  တို့(၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂) သိန်းခွဲဖြင့် ပညာသင်ထောက်ပံ့ကြေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် မြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုး တို့က ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသူ မဖူးပွင့်ကိုကို၏ ဖခင် ဦးလင်းကိုနိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ပြန်/ဆက်)