မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
“ယခုငယ်က၊ ကြိုးလုံ့လ၍၊ သုတ ပညာ၊ နေ့တိုင်းရှာလော့၊ ပညာမကြိုက်၊ ပျင်းရိမိုက်မူ၊ နောက်လိုက်ဝန်ထမ်း၊ အလုပ်ကြမ်းတွင်၊ တွေ့ လေကျင်သည်” (လောကနီတိပျို့)
ကျောင်းတွေဖွင့်လေပြီ။
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် နေလေပြီ။ နိုင်ငံ၏မျိုးဆက်သစ် ဖူးငုံပန်း ကလေးများ၊ မိုးဆမ်းပန်းကလေးများအလား ပျော်ပါးရွှင်မြူးနေကြသည်။ လန်းဆန်းတက်ကြွ နေကြသည်။
ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ကျောင်း အပ်နှံရေးသီတင်းပတ် ၂၃-၅-၂၀၂၄ ရက် နေ့မှ၂-၆-၂၀၂၄ ရက်နေ့အထိ သတ်မှတ် လှုံ့ဆော်ခဲ့ကာ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ခဲ့ကြပါသည်။
ပညာရေးဝန်ကြီးဌာနက အသိပေး ကြေညာချက်များအဖြစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များနှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ထုတ်ပြန်ကာ အလေးထားဆောင်ရွက်ခဲ့ ကြပါသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်-
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး။
အနိမ့်ဆုံးအဆင့် KG+9 ပြီးမြောက် အောင်မြင်စေဖို့ တက်ညီလက်ညီ ဆောင်ရွက်စို့။
အခြေခံပညာတတ်မြောက်ရေး အခမဲ့ပညာရေးဖြင့် မြှင့်တင်ပေး။
ဟူသော ဆောင်ပုဒ်များဖြင့်လည်း အားတက်ဖွယ် စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။
ထို့ကြောင့်လည်း ကျောင်းအပ်နှံရေး သီတင်းပတ်၏ နောက်ဆုံးနေ့ဖြစ်သော ဇွန်လ ၂ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၆၃၉၄၅၂၈ ဦး ကျောင်းအပ်နှံခဲ့ကြပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်အပ်နှံလျက်ရှိကြောင်း၊ ကျောင်းအပ်နှံကြသည့် ကလေးများ အားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
လက်တွေ့တွင်လည်း ကျောင်းအပ်နှံခဲ့ကြသည့် သီတင်းပတ်အတွင်းတွင် ကျောင်းသား ကျောင်းသူလေးများသည် ကျောင်းဝတ်စုံအဖြူအစိမ်းကိုယ်စီဖြင့် ပြဋ္ဌာန်းစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို ပွေ့ပိုက်လျက် တက်ကြွလန်းဆန်း ပျော်မြူးနေကြလေရာ ကြည်နူးစရာ အလွန်ကောင်းသော မင်္ဂလာ မြင်ကွင်းများဖြစ်နေကြပါသည်။ သူတို့လေး တွေကိုကြည့်ပြီး သူတို့တစ်ဦးချင်းစီ၏ အရေး၊ မိသားစုအရေးနှင့် နိုင်ငံတော် အရေးအတွက် အားတက်ကြရပါသည်။ အကြောင်းမှာမူ ပညာခေတ်မှာ ကမ္ဘာကို ရင်ပေါင်တန်းနိုင်ရေးနှင့် တစ်ဦးချင်းစီ၏ လူနေမှုဘဝ မြင့်မားတိုးတက်စေရေး အတွက်ဖြစ်ပါသည်။
ပညာနှင့်ပတ်သက်၍ စာရေးဆရာကြီး အောင်သင်းက ခံစားချက်ပြင်းပြစွာဖြင့် ကရုဏာဒေါသော ဟောပြောရေးသားခဲ့သည်ကို အမှတ်ရနေပါသည်။ ဆရာကြီး အောင်သင်းက “ကျွန်တော်တို့ဗမာလူမျိုး တွေကို အင်္ဂလိပ်ကျွန်ပြုခံရတာဟာ တိုင်းပြည်စည်းလုံးမှုမရှိလို့၊ သူတစ်လူ ငါတစ်မင်းပုန်ကန်လို့၊ နန်းတွင်းရေး ရှုပ်ထွေးလို့ စသဖြင့်ပြောကြတယ်။ တကယ်စဉ်းစားကြည့်တော့ အဲဒါတွေတစ်ခုမှမဟုတ်ဘူး။ အဓိကအကြောင်းက ပညာမတတ်လို့”ဟု ဟောပြောရေးသားခဲ့ရာ အလေးအနက်ထားပြီး တွေးတော ဆင်ခြင်ကြည့်ကြ စေချင်ပါသည်။ ဤနေရာတွင် “ပညာ” ၏အဓိပ္ပာယ်ဖွင့်ဆိုချက် အတိမ်အနက်ကို ဖော်ပြလိုပါသည်။ “မြန်မာအဘိဓာန်”တွင် “ပညာ”ကို “ခွဲခြားသိမြင်နိုင်သော အသိဉာဏ်”၊ “အတတ်” ပါဠိလို “ပညာ”ဟု ဖွင့်ဆိုထား ပါသည်။
“သုတရတနာဆုံးမစာ” တွင် “မီးရောင်၊ လရောင်၊ နေအရောင်၊ ဂုဏ် ရောင် လွှမ်း၍မိုး”၊ “ပညာ- သမာ-အာဘာ နတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းထိုထို”၊“ပညာနှင့်တူသော အလင်းရောင်သည် မရှိ”ဟု ညွှန်းဆိုထားပါသည်။
“ဥစ္စာဟူသည် မျက်လှည့်မျိုး ၊ ပညာ ဟူသည် မြတ်ရွှေအိုး”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာ အရောင် ထွန်းလင်းပြောင်”၊ “ပညာမရှိ သူ၏ဝန်ထမ်း”၊ “ပညာစုံမှ သက်လုံ ကောင်းမည်”၊ “ပညာမရ လျှပ်ပေါ်လှ သူများနောက်လိုက်သာ”၊ “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ” ဟူ၍ ပညာနှင့် ပတ်သက်သော စကားပုံများလည်းများစွာရှိကြပါသည်။
“လူတော်များတိုးပွားထွန်းကားလာအောင် ပညာရေးဖြင့် ပျိုးထောင်ပေးရမည်” ၊“လူကောင်းများ တိုးပွားထွန်းကားလာအောင် ဘာသာရေးဖြင့် ပျိုးထောင် ပေးရမည်”ဟုလည်း ဆိုဆုံးမကြပါသည်။
“မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ” တွင် “ပညာဆိုသည်မှာ (၁) လက်ရုံးရည်၊ (၂) ပညာရည်၊ (၃) နှလုံးရည် စသည့် သုံးပါးနှင့်ပြည့်စုံခြင်းကို ဆိုလိုသည်” ဟု ဖွင့်ဆိုထားပါသည်။
“ဆရာကြီးဦးဗဂျီငို”ကလည်း “လောက၌ လူတို့တွင် ပညာသည် တန်ခိုး အင်အားနှင့် ပြည့်စုံသော၊ ဩဇာအာဏာ အကြီးမားဆုံးသော၊ ဆွေမျိုးဉာတိ အစစ်ဆုံးသော၊ မိတ်ဆွေသင်္ဂဟအစစ်ဆုံးသော၊ အားကိုးမှီဝဲရာ အစစ်ဆုံးသော၊ ပုန်းအောင်းမှီခိုရာ အစစ်ဖြစ်ထသော၊ လိုအင်ဆန္ဒတို့ကို တစ်လုံးတစ်ဝတည်း ပြည့်စုံစေတတ်သော ရတနာအစစ် ဖြစ်ကြီးမက ဖြစ်လှပေတော့သည်”၊ “ကြီးစွာတိုးတက်လိုသူသည် မည်သည့် လူမျိုးမဆို မည်သည့်နာရီစက္ကန့်မဆို၊ အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးတွင် တစ်မျိုးမျိုးရရမည်။ မရလျှင် အချိန်ကို အလွဲသုံးစားပြုသည်မည်တော့ ၏”ဟု ရေးသားခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် “ပညာရေး သည် အနာဂတ်နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်” (Education is investment for future) ဟူသော ဆောင်ပုဒ်ကိုယ်စီဖြင့် ပညာရေးကဏ္ဍကို အလေးအနက် ထားနေကြပါသည်။ “ပညာမြင့်မှ နိုင်ငံတင့်မည်”ဟုလည်း ခံယူထားကြပါသည်။
ပညာ၏အနှစ်သာရမှာ နက်ရှိုင်း ကျယ်ပြောလှပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲများ ဆင်နွှဲပြီး နယ်ချဲ့နေကြခြင်းမဟုတ်ဘဲ စီးပွားရေးနှင့် နယ်ချဲ့နေကြပါသည်။ ထိုသို့နယ်ချဲ့နေကြရာတွင် နည်းလမ်း ပေါင်းစုံ၊ နည်းပညာ အတတ်ပညာမျိုးစုံ ဖြင့် တီထွင်ပြီးနယ်ချဲ့နေကြပါသည်။ အဓိကနယ်ချဲ့လက်နက်မှာ “ပညာ” လက်နက်ပင်ဖြစ်သည်။ ခေတ်မီသော နည်းပညာများ မကျွမ်းကျင်မတတ်မြောက်ကြပါက ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေကြရပေမည်။
နိုင်ငံတော်၏ ပညာရေး
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်(၉)ရပ် ချမှတ်ထားရာ လူမှုရေးဦးတည်ချက် သုံးရပ်အနက်-
“တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍ချမှတ်ထားပြီး လူငယ်များ၏ ပညာရေးနှင့် ဘဝတိုးတက်မြင့်မားရေး အတွက် အလေးထားဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရေးနှင့် KG+9 ပြီးမြောက်ရေး ဆောင်ရွက်ခြင်း၊ အခြေခံ ပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်ရေးစရိတ်နှင့် ထောက်ပံ့ငွေများ ချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စာတတ်မြောက်သူများ တိုးပွားလာ စေရေးဆောင်ရွက်ခြင်း၊ စာဖတ်သော အလေ့အထ တိုးပွားလာအောင်ဆောင်ရွက်ပေးခြင်း စသည်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် မြန်မာနိုင်ငံပညာရေး တိုးတက် ကောင်းမွန်စေရေးအတွက် “မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံများ”ကို ကျင်းပပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံတွင် “အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်ရေး” ဦးတည်ချက်ချမှတ် ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံတွင် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး”ဦးတည်ချက်ဖြင့် ဇွန်လ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။
၂ဝ၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် ဖော်ပြပါဦးတည်ချက်အရ ရည်ရွယ်ချက် (၆)ရပ် ချမှတ်ထားရာ (၁) တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ (၂) အရည်အသွေး ပြည့်ဝသည့် ပညာတတ်များမွေးထုတ်ပေးရန်၊ (၃) ထုတ်လုပ်မှု ကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၄)ဆရာ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ (၅)သုတေ သနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုး တိုးတက်စေရန်နှင့် (၆)အရည်အသွေး အာမခံမှုရှိသည့် ပညာရေးစနစ် ပိုမို အားကောင်းလာစေရန်ဟူ၍ဖြစ်သည်။
နိုင်ငံတော်ကချမှတ်ထားသော လူမှုရေးဦးတည်ချက်ပါ လူငယ်နှင့်ပညာရေး ရည်မှန်းချက်လျာထားချက်၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ချက်များသည် လူငယ် လူကြီးတစ်ဦးချင်းစီမှသည် နိုင်ငံတော်အတွက် အလွန်တန်ဖိုးရှိလှသည့် ဆောင်ရွက်ချက်များ ဖြစ်ကြပါသည်။
ရည်မှန်း လျာထားချက်များကို အောင်မြင်တိုးတက်မှုရှိစေရေးအတွက် လက်တွေ့ဆောင်ရွက်ကြရာတွင် နိုင်ငံ တော်အစိုးရသာမက ပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များကပါ ပညာ၏တန်ဖိုး အကျိုး ကျေးဇူးကို နားလည်ခံစားပြီး ဝိုင်းဝန်းကြိုးပမ်းကြပါမှ အောင်မြင်တိုးတက်မှုများကိုရရှိ ခံစားကြရပေလိမ့်မည်။
အစကောင်းမှ အနှောင်းသေချာ
ပညာရေးကို အစပျိုးသူများမှာ မိဘများပင်ဖြစ်ကြသည်။ “လက်ဦးဆရာ မည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဖ”ဟူသော စကားပင်ရှိသည် မဟုတ်ပါလား။
မိဘများက မိမိတို့၏ရင်ခွင်ပိုက် သားငယ် သမီးငယ်များကို လိမ္မာယဉ်ကျေး အောင် အခြေခံလောက်သာ ပြောဆို သွန်သင်နိုင်ကြပါသည်။ အခြေခံအတန်း ပညာများကိုကား စာသင်ကျောင်းများမှ ဆရာ ဆရာမများက ဘွဲ့များ ရသည်အထိ သင်ကြားပေးနေကြရပါသည်။ အခြေခံပညာအဆင့်က အတန်းပညာများကို သင်ကြားပေးရင်း ယဉ်ကျေးလိမ္မာကြစေရန် သွန်သင်ဆုံးမပေးနေကြပြီး ကလေးဘဝမှစ၍ ဘဝနေထိုင်နည်းများကို ပျိုးထောင်ပြုပြင်ပေးနေခြင်းဖြစ်သည်။ စာသင် ပေးရင်း၊ လူကိုပြင်ပေးနေကြခြင်းဖြစ်သည်။
“ပညာချို့တဲ့၊ အတတ်မဲ့သော်၊ ကဲ့ရဲ့ အဝှန်း၊ လူ့ပေါက်ပန်းဟု၊ သွပ်မှန်းသိစေ၊ ဆိုကြလေအံ့”ဟူသော လောကနီတိပျို့ ပါ ဆုံးမစာများဖြင့် ပြုစုပျိုးထောင်ပေး နေကြရပါသည်။ ထိုမျှမကသေး ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက “ဆားထုံဆရာတော်”၏ “ပညာမတတ်သော သူဌေးသားအကြောင်း”ကဗျာကို အလွတ်ရအောင် ကျက်မှတ်စေခဲ့ပါသည်။
“မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင် မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ် ဥစ္စာ၊ ရှိသည်ငှာကို၊များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကို ရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ် လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာ သေသည်၊ ကောင်သေလင်းတ ကျ၏တည်း”
အဆိုပါကဗျာထဲပါ ပညာမတတ်သော သူဌေးသားများများစွာရှိသကဲ့သို့ ပညာအားနည်းသဖြင့် အလိမ်အညာ ခံရမှုများ၊ လူဖြစ်ရှုံး ဘဝဆုံးမှုများများစွာရှိခဲ့ကြပါသည်။
အထက်တန်းပညာ အဆင့်တွင် အတတ်ပညာများသာမက၊ အသိပညာများကိုပါ သင်ကြားပေးနေကြပါသည်။ တွေးခေါ်ဆင်ခြင် မြော်မြင်အသိနှင့် ပေါင်းသင်းဆက်ဆံရေးများကိုပါ အရွယ်နှင့်အညီ လေ့ကျင့် ပျိုးထောင်နေကြရပါသည်။ထို့ကြောင့် ဆရာ ဆရာမများကို “ပန်းပျိုးသူဥယျာဉ်မှူး”များ အဖြစ်လည်း တင်စားထားကြပြီး နှစ်စဉ်အောက်တို ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများ နေ့”အဖြစ် သတ်မှတ်ပြီး ဆရာ ဆရာမများကို ဂုဏ်ပြုပူဇော်နေကြခြင်းဖြစ်ပါသည်။ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကမူ “အာစရိယဂုဏော အနန္တော” ဟု နေ့စဉ် ဂုဏ်ပြုပူဇော်ကန်တော့နေကြပါသည်။ ထို့ကြောင့် “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”ဟု လည်းကောင်း၊ “တပည့်နှင့်ဆရာ၊ ရေနှင့်ကြာ”ဟု လည်းကောင်း ဂုဏ်ပြုညွှန်းဆို နေကြခြင်းဖြစ်သည်။အနန္တောအနန္တငါးပါးထဲတွင် မိဘနှင့်ဆရာများ ပါဝင်နေခြင်းကိုက မိဘဆရာများ၏ ဂုဏ်ရည်ကို စာပန်းချီ ခြယ်သ၍ မကုန်နိုင်ပေ။
ပညာရေးနိဒါန်းအစသည် အခြေခံပညာကျောင်းများဖြစ်ကြလေရာ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစကတည်း က မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီအောင် ကြိုးစားကြရန်လိုအပ်ပါသည်။
ပညာရေးဝန်ကြီးဌာနက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိလိုက်နာကြ ရမည့် အချက် ၁၂ ချက်နှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံ ချက် ၁၂ ချက်ကို မိဘ၊ ဆရာ၊ ကျောင်း သား ဟန်ချက်ညီညီ ပေါင်းစည်းကြိုးစားသွားကြရန် လိုအပ်လှပါသည်။ သို့မှသာ နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်များလည်း ပြည့်မီထိရောက်မှုရှိပြီး ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီနှင့် ကျောင်းသား ကျောင်းသူများ၏ မိသားစု တိုင်းလည်း ရည်မှန်းချက်များပြည့်ဝ၊ စိတ်ချမ်းသာမှုများလည်း ရရှိခံစား ကြရပေလိမ့်မည်။
ထို့ကြောင့် “လသာတုန်း ဗိုင်းငင်”၊ “မိုးရွာတုန်းရေခံ”၊ “အချိန်ရှိခိုက် လုံ့လစိုက်” ဆိုသလိုပင် ယခုလို ကျောင်းဖွင့်စကတည်းက ကျောင်းတက်မှန်ကြပြီး စာကြိုးစားကြပါမှ ပညာရေး၏အခြေခံ အတန်းပညာများ တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်ပြီး ဘဝခရီးဖြောင့်ဖြူးကြပေလိမ့်မည်။
“စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှ ထွန်ချ” စာမေးပွဲကျမှ နောင်တရနေကြလျှင် မည်သူကမျှ သနားနေကြမည် မဟုတ်ပေ။
လောကကြီးတွင် အစားထိုးမရသည့် အရာမှာ အချိန်နှင့် မိဘ ဖြစ်ရာ လက်ရှိ အချိန်ကို အချည်းနှီးမဖြစ်အောင် အကျိုး ရှိရှိ အသုံးပြုကြစေချင်ပါသည်။
အချုပ်ဆိုရပါမူ “ပညာပြည့်ဝ၊ နှလုံး လှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏”ဟု “မဃဒေဝ”လင်္ကာမှာ ဆိုဆုံးမထားသလို ပညာပြည့်ဝနှလုံးလှသော လူငယ်များ တိုးပွားလာကြပါစေဟု ဆန္ဒမွန်ပြုလိုက် ရပါသည်။