“ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၃


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ်  မတ်(၂၇)ရက်တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပြည်ချစ်သားမွန်တေးသဝဏ်”  တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို  ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်(၂၄)ရက် အထိ ပွဲစဉ်(၅)ခုဖြင့် အပတ်စဉ်  သောကြာနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။


အဆိုပါအစီအစဉ်တွင် “မြန်မာ့အသံတေးဂီတ”အဖွဲ့၏ တီးခတ်မှုနှင့်အတူ   မူရင်းတေးသံရှင်များ၊ နာမည်ကျော်တေးသံရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များနှင့် တူယှဉ် နွှဲပျော် ဂီတပွဲတော်များမှ တေးသံရှင်များ ပါဝင်သီဆိုကြမည်ဖြစ်ရာ ဖေဖော်ဝါရီ (၂၄)ရက်တွင် တင် ဆက် မည့် ပွဲစဉ်(၁)၌ ရသ၊ ချမ်းဟိန်းဝင်းထွန်း၊ လျှမ်းထက်ကို၊ ပြည့်ဖြိုးအောင်၊ သက်မှူးခင်၊ ရွှေဖြူ၊ နေခြည်၊ ရဲရင့်ဝေလွင်၊ မြနန္ဒာနှင့် မြင့်မြတ်ကျော် တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ် ပြီး   ထိုသို့တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၆ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ် လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)