ပြည် ၂၆ စက်တင်ဘာ
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA)တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ် မှော်ဇာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကလေးအခြေပြု စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်မှ လေ့လာရေးအဖွဲ့ လာရောက်လေ့လာကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ မူလတန်းအရွယ် ကျောင်းသားကျောင်းသူ ၁၇၉ ဦးကို ပြည်ခရိုင်ပြန်/ဆက်ဝန်ထမ်းများနှင့် (SVA)မှဝန်ထမ်းများက ရုပ်ပုံစာအုပ် နှင့် စက္ကူပြဇာတ်တို့ဖြင့် စိတ်ဝင်စားဖွယ် အသိပညာပေးပုံပြင်များပြောပြပြီး ကလေးများနှင့်အတူ ကဗျာရွတ်ဆို၍ ကိုယ်လက် လှုပ်ရှားမှုများပျော်ရွှင်စွာပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကလေးများက ခရိုင်ပြန်/ဆက်၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက် မှ စာအုပ်စာစောင်များကို စိတ်ကြိုက် ကိုယ်တိုင်ယူငင် ဖတ်ရှုခဲ့ကြပြီး ခရိုင်ပြန်/ဆက်မှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က ကလေးများကို သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ဖြင့် သဘာဝဘေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (SVA) နှင့် အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာသို့ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်မှ Mr. Jun’ichi KASHIWAGI, Ph.D. ဦးဆောင်သော လေ့လာရေးအဖွဲ့ဝင်လေးဦးတို့ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပြီး ယင်းအဖွဲ့သည် အဆိုပါ ကျောင်း၌ (SVA)၏ ပံပိုးကူညီဖြင့် ယခုနှစ် ဇွန် ၁၄ရက်က စတင်ဖွင့်လှစ်ခဲ့သော ကျောင်းစာကြည့်တိုက်ကိုလည်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


