သဲကုန်း  ၁၈   နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ကြို့ကုန်းကျေးရွာ၊ ဆောက်ခြုံကြီးကျေးရွာ၊ ကြို့ရပ်သာကျေးရွာ၊ သဲကျောကျေးရွာ၊ သာပေါင်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ သင်တောကျေးရွာ ခုနှစ်ရွာတွင် အဝီစိစက်ရေတွင်းတူးဖော်ပေးနိုင်ရန်အတွက် သန့်ရှင်း ကောင်းမွန်သည့် မြေအောက် ရေအောင်းလွှာတည်ရှိမည့်နေရာကို ယနေ့နံနက် ၇ နာရီက GP Survey တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ တိုင်းတာမှုပြုလုပ်ရာတွင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်း နှင့်ဝန်ထမ်းများ၊ မြေအောက်ရေတိုင်းတာရေး တာဝန်ခံများက မြေအောက်ရေ အခြေအနေများကို လက်တွေ့ကွင်းဆင်းကာ GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

GP Surveyတိုင်းတာခြင်းဆိုသည်မှာ မြေလွှာအတွင်း လျှပ်စစ်ဖြတ်သန်း စီးဆင်းစေပြီး မြေလွှာတစ်ခုခြင်းအလိုက် လျှပ်စစ်ခုခံမှုတန်ဖိုး(အုမ်းမီတာ)ကို တိုင်းတာတွက်ချက် ခြင်းဖြင့် တိုင်းတာမှတ်နေရာ၏ အနက်မီတာအလိုက် လျှပ်စစ်ခုခံမှုတန်ဘိုးကိုရရှိ၍ ရေအောင်းလွှာ၏ အနေအထားကို ဖော်ထုတ်လေ့လာခြင်းဖြစ်ပြီး GP Survey တိုင်းတာခြင်းကြောင့် သန့်ရှင်းကောင်းမွန်သည့် မြေအောက် ရေအောင်းလွှာ တည်ရှိမည့်နေရာကိုအလွယ်တကူသိရှိစေနိုင်ပြီး စက်ရေတွင်းတူးဖော်ပေးရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစေကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်း ကပြောပြ၍သိရသည်။

 

ငြိမ်းသူ