နေပြည်တော် ၁၆ ဇွန်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တရားရုံးတွင် တရားရုံးစာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားရုံးဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းပြီး ရိုးသားကြိုးစားစွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများဖြစ်သည်နှင့်အညီ နေထိုင်ပြောဆိုဆက်ဆံမှုများတွင် နူးညံ့သိမ်မွေ့ စိတ်ရှည်သည်းခံပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ကြရန်၊ တရားရုံးဝန်ထမ်းများသည် တရားသူကြီးများနည်းတူ တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေဖို့ ဆောင်ရွက်ရန် တာဝန်ရှိသူများ ဖြစ်သည့်အတွက် ရုံးလုပ်ငန်းကိစ္စများ၊ တရားခွင်တာဝန်များဆောင်ရွက်ရာတွင် တရားရုံး လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် ဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် စိတ်ကောင်းစေတနာနှင့်စိတ်ဓာတ်မှစ၍ ပြုပြင်ပြောင်းလဲကာ အများပြည်သူ ယုံကြည်ကိုးစား သည့်တရားရုံးများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြ ရန် အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းအား ဇွန်လ(၁၅)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ စာရေးဝန်ထမ်းများ သင်တန်းသား/သူ(၁၈)ဦးတက်ရောက်ကြသည်။ 

၂၀၁၉ ခုနှစ်အတွက် လေ့ကျင့်ရေးစီမံချက်အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့တွင် ပြည်ခရိုင်နှင့်တောင်ငူခရိုင်တရားရုံးတို့၌ တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)