ပြည် ၂၅ ဇန်နဝါရီ

 

ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းရွာ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်သည်။

 

5

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျေးလက်လမ်း/တံတားနှင့် ကျေးလက်မီးလင်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နွေးစပါးရေပေးဝေရေးနှင့် ဆည်/တမံများ တည်ဆောက်ပေးထားရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ညောင်တုန်း-ပေါင်းတမော့ ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ လှည်းသည်း-ရွာသစ် ကျေးလက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ ဗြူးကုန်းရွာအဝင် ဂုံးတံတားနှင့် ကျေးလက်လမ်း ပြုပြင်ပေးရန်၊ ကြိုးကုန်း-နွယ်ကျော်-ဗြဟော် ကျေးရွာချင်းဆက်လမ်း မြေနီခင်းပေးရန်၊ ကံရွာကျေးရွာအတွင်း ဂုံးတံတားပြုပြင်ပေးရန်၊ ချောင်းကွေးတံတားပြုပြင်ပေးရန်၊ လက်ပံတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၉၇)ကွင်းရှိ ကုန်ထုတ်လမ်း၊ ဥသျှစ်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၇၃၆)ကွင်းရှိ ကုန်ထုတ်လမ်း မြေနီခင်းပေးရန်၊ တောင်နဝင်းချောင်း ကမ်းပါးပြိုကျနေမှု ဆောင်ရွက်ပေးရန်၊ ကုန်းဇောင်းကျေးရွာ ထရန်စဖော်မာ အသစ်လဲပေးရန်၊ သူဌေးကုန်းကျေးရွာနှင့် တဲကုန်းကျေးရွာတို့မှ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ မြောင်းဆုံကျေးရွာရှိ လယ်ယာမြေများအပေါ် ဖြတ်သန်းဖောက်လုပ်ထားသော ရထားလမ်းအတွက် လျော်ကြေးပေးရန်၊ ဂွေးပင်ကုန်းကျေးရွာ ရွာလယ်ချောင်း ပြန်လည်တူးဖော်ပေးရန်နှင့် ရေဆိုးထွက်ပေါက်များ ဖောက်လုပ်ပေးရန်၊ မြို့လှရွာ၌ ကျေးရွာမြေငှားဂရန် ချထားပေးရန်၊ အ.မ.က ရွာသစ်ကြီး မူလတန်းကျောင်း ပျက်စီးနေမှုအား အသစ်ပြန်လည်ဆောက်လုပ်ပေးရန်၊ မြောက်ခွေးရဲ အ.ထ.က(ခွဲ)နှစ်ထပ် ကျောင်းဆောင်သစ်ချထားပေးရန်၊ ရွာမကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပေးရန်၊ ပေါင်းတလည်မြို့ ပြည်သူ့ဆေးရုံအား (၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်၊ ပေါင်းတလည်မြို့မစျေးအား အဆင့်မြှင့်တင်ပေးရန်၊ ရွာမကျေးရွာအုပ်စု အရန်မီးသတ်တပ်စုအတွက် လိုအပ်သော မီးသတ်ကားရရှိနိုင်ရေးနှင့် ပေါင်းတလည်မြို့ မီးသတ်စခန်း အဆောက်အဦများ ဆောက်လုပ်ပေးရန်၊ ပေါင်းတလည်မြို့၊ အ.မ.က ကုန်းတန်းကျောင်းမြေနေရာ တိုင်းတာပေးရန်၊ ပေါင်းတလည်မြို့ နွားပွဲစျေးမြေနေရာအား မြို့မြေအဖြစ် သတ်မှတ်ပေးရန်စသည်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

 

5

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ၊ စန္ဒိမာလဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

 

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပေါက်ခေါင်းမြို့ရှိ ဓါတ်အားခွဲရုံမှ တောင်လည်ကျေးရွာအုပ်စုအထိ (၁၄)မိုင်အား (11) KV လိုင်းတပ်ဆင်ပေးနိုင်ရန်နှင့် (11/0.4) KV, (200)KVA ခွဲရုံ (၂)ရုံ တည်ဆောက်ပေးနိုင်ရန်၊ ချောင်းကျိုးကျေးရွာရှိ အိမ်ခြေ(၁၄၉)အိမ်အား ဆိုလာမီးရရှိရေး ဆောင်ရွက်ပေးရန်၊ အိုးတင်းကုန်းကျေးရွာ အ.မ.က(မူလွန်) ပေ(၆၀×၃၀)ပေ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ ပြည်-တောင်ငူလမ်းမကြီးမှ ပျားဆိုးကျေးရွာသို့ ဆက်သွယ်သောမြေသားလမ်း (၁)မိုင်အား ကျောက်ချောလမ်း ခင်းပေးရန်တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)