မန္တလေး ၁၅ အောက်တိုဘာ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ငွေကျပ်သိန်း ၁၆၀၀၀ ဖြင့် လမ်းပေါင်း(၃၀) အဆင့်မြှင်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်ထံမှ သိရသည်။
အဆိုပါလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၁၆)ရပ်ကွက်ရှိခဲ့ရာမှ ယခုနှစ်တွင် (၂)ရပ်ကွက်တိုးလာခြင်းကြောင့် (၁၈)ရပ်ကွက်ဖြစ်လာကြောင်း၊ ရပ်ကွက်များအတွင်း လမ်းများ၊ လမ်းမီးများ၊ တံတားများ၊ ရေမြောင်းစနစ်များ၊ အမှိုက်သိမ်းစနစ်များ များစွာလိုအပ်လျက်ရှိကြောင်း၊ မြို့တော်စည်ပင်အနေနဲ့ (၁၈)ရပ်ကွက်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းရှိသမျှ ညဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ အဆင့်မြှင့်တင်မည့် လမ်းများမှာ အောင်ဇေယျလမ်း ၅၁ လမ်းမှ ၅၆ လမ်းအထိ နိုင်လွန်ကတ္တရာလမ်း၊ ၅၅ လမ်း အနော်ရထာလမ်းမှ ယောမင်းကြီးလမ်းအထိ နိုင်လွန်ကတ္တရာလမ်း၊ ၅၃ လမ်း ဘုရင့်နောင်လမ်းမှ ဗိုလ်ဗထူးလမ်းအထိ နိုင်လွန်ကတ္တရာလမ်း၊ တတိယ ကျန်စစ်သားလမ်း ၅၈ လမ်းမှ ၆၆ လမ်း စက်မှုပန်းခြံအထိ ကတ္တရာလမ်း၊ အောင်ဇေယျလမ်း ၆၂ လမ်းမှ စက်မှုပန်းခြံအထိ ကျောက်ချောလမ်း၊ ၆၇ လမ်း မြဝတီမင်းကြီးလမ်းမှ သာယာဝတီမင်းကြီးလမ်းအထိ နိုင်လွန်တ္တရာလမ်း၊ ဝေသာလီလမ်း ၆၄ လမ်းနှင့် ၆၅ လမ်းကြား ကတ္တရာလမ်း၊ ရဲဘော်စိုက်ကွင်းရွာလယ်လမ်းများ ကတ္တရာလမ်း အစရှိသော လမ်းများနှင့် မြို့နယ်အတွင်းရှိ အခြားရပ်ကွက်များမှ လမ်းများအပါအဝင် စုစုပေါင်း လမ်းပေါင်း(၃၀) အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


