ပြည်ကြီးတံခွန်၊ ၆ ဇန်နဝါရီ

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လမ်းသွယ်(ဒူးကြားလမ်း)များအား လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်သူများ၏ တင်ပြချက်ပေါ်မူတည်ပြီး စီမံကိန်းရေးဆွဲကာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က ပြောကြားသည်။

 

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း မြို့နယ်အတွင်းရှိ အဓိကမိန်းလမ်းမကြီးအားလုံးနီးပါး အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း လမ်းသွယ်(ဒူးကြားလမ်း)များ များစွာ အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကျန်ရှိနေခြင်းကြောင့် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်သူများ၏ တင်ပြချက်ပေါ်မူတည်ပြီး စီမံကိန်းရေးဆွဲကာ ဒူးကြားလမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြို့နယ်အတွင်း၌ ရပ်ကွက်(၂)ရပ်ကွက် ထပ်တိုးလာသည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ရန် များစွာကျန်ရှိနေသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က ပြောသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မိန်းလမ်းမကြီးများနှင့် လမ်းသွယ်အချို့အပါအဝင် လမ်းပေါင်း (၁၄၇)လမ်း၊ တံတား (၁၅၆)စင်း၊ ရေမြောင်း (၃၈)မြောင်း၊ စာသင်ကျောင်းဆောင်အသစ် (၃၀)ကျောင်းနှင့် လမ်းမီးတိုင်ပေါင်း (၂၀၀၀)ကျော်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ယခုဘဏ္ဍာနှစ်တွင် အဓိကလမ်းမကြီးများနှင့် လမ်းသွယ်အချို့အပါအဝင် လမ်းပေါင်း (၃၀) အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်က ပြောကြားထားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)