ပြည်ကြီးတံခွန် ၂၃ နိုဝင်ဘာ
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ စုပေါင်းမဟာဘုံကထိန်တော် ရေစက်ချ အခမ်းအနားကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ရတနာသိမ်ဂူကျောင်းတိုက်ရှိ ဓမ္မာစရိယကျောင်းတိုက်တွင် နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဉက္ကဋ္ဌ ဆရာတော် ဦးသောဘိတ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်/ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် တာဝန်ရှိသူများက ဆရာတော်/သံဃာတော်များအား ကထိန်သင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားတော်အားချီးမြှင့်သည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဒေါက်တာ ချစ်ကိုကိုနှင့် ဦးဇော်မောင်မောင်၊ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ပြီး ကထိန်ပဒေသာပင် (၁၇၂)ခုနှင့် အလှူငွေ စုစုပေါင်းတန်ဖိုး (၂၀၅၆၈၅၀၀) ကျပ် အား လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


