ပြည်ကြီးတံခွန် ၁၆ မေ
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ B အဆင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဉက္ကဋ္ဌ ဦးနေဝင်းက အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်တို့က B အဆင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ လိုအပ်သော အချက်များအား ဆောင်ရွက်ထားရှိရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် B အဆင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက် (၁၀)ချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဧပြီ ၂၆ ရက်မှစတင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ်တွင် စက်ရုံအလုပ်ရုံပေါင်း (၁၁၈၀)ရှိပြီး စက်ရုံ/အလုပ်ရုံ ပြန်လည်လည်ပတ်နိုင်ရေး အဆိုပြုတင်ပြလာသော စက်ရုံ/အလုပ်ရုံပေါင်း (၃၅၀)အနက် (၃၄၄)ရုံအား စစ်ဆေးပြီးဖြစ်ကြောင်း၊ လက်ရှိတွင် A အဆင့် စက်ရုံ/အလုပ်ရုံပေါင်း (၁၉၇) ရှိပြီး B အဆင့် စက်ရုံ/အလုပ်ရုံ (၄၈)ရှိကြောင်း၊ ယနေ့တွင် သတ်မှတ်ချက် နှစ်ချက်/သုံးချက်သာ လိုအပ်သော စက်ရုံ/အလုပ်ရုံ (၄၈)ရုံအား A အဆင့်ရရှိနိုင်ရန်နှင့် လိုအပ်ချက်များ ပြင်ဆင်ထားရှိရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်များ ပြင်ဆင်ပြီးပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြကာ ပူးပေါင်းအဖွဲ့များဖြင့် ပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော အချက်(၁၀)ချက်နှင့် ကိုက်ညီမှသာ ပြန်လည် လည်ပတ်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


